BEC-TERO TV

ပင်လယ်ကိုကြောက်ရွံ့ခြင်းရောဂါ (Thalassophobia)

16 Mar 2020     1,715 Views


ပင်လယ်ကိုကြောက်ရွံ့ခြင်းရောဂါ (Thalassophobia)

 

အလုပ်ပိတ်ရက်တွေမှာပဲဖြစ်ဖြစ် အားလပ်ချိန်မှာပဲဖြစ်ဖြစ် စိတ်ပြေလက်ပျောက် အပန်းဖြေခရီးလေးတစ်ခုထွက်ဖို့ နေရာစဉ်းစားရင် ပင်လယ်ကမ်းခြေတွေဟာအတွေးထဲမှာ ထိပ်ဆုံးနေရာစာရင်းထဲမှာ မပါမဖြစ် ပါဝင်နေတတ်ကြပါတယ်။ ပင်လယ်ရေပြင်ကျယ်ကြီးနဲ့ကောင်းကင်ပြာကြီးရဲ့ သဘာဝအလှတရားများနှင့် စွဲဆောင်မှုတွေကြောင့် လူအတော်များများက ပင်လယ်ကမ်းခြေကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ ပင်လယ်ကိုကြောက်တတ်ကြပါတယ်။ ဒါဟာ သူတို့အတွက် ပုံမှန်ဖြစ်လေ့ဖြစ်ထပဲလား၊ ဒါမှမဟုတ် ရောဂါလား ဆိုတာကို ကျွန်တော်တို့အတူတူ လေ့လာကြည့်ကြရအောင်။

ပင်လယ်ကိုကြောက်တဲ့ရောဂါဆိုတာ အရာတစ်ခုခုကို အကြောက်လွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာတစ်မျိုးဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားကြီးတော့မရှိပါဘူး။ အဆိုပါလက္ခဏာဟာ လူစုလူဝေးများတဲ့နေရာမျိုးကြောက်တာ၊ ကျဉ်းကြပ်တဲ့ နေရာမျိုးကြောက်တာ၊ အမြင့်ကြောက်တာ၊ ကျင်းကြောက်တာ အစရှိတဲ့ ပတ်ဝန်းကျင်တစ်ခုခု (သို့) နေရာတစ်ခုခုအပေါ် ကြောက်တတ်တဲ့လက္ခဏာများကဲ့သို့ လက္ခဏာရပ်တစ်မျိုးပဲဖြစ်ပါတယ်။

ပင်လယ်ကို မြင်ရ၊ ထိတွေ့ရ (သို့) ဓါတ်ပုံကိုကြည့်ရုံနဲ့တင် အတွင်းစိတ်မှာ စိတ်ကူးတွေယဉ်ပြီး ကိုယ်မမြင်တွေ့နိုင်တဲ့ ကြီးမားကျယ်ပြန့်ပြီး နက်ရှိုင်းလွန်းတဲ့ မှောင်မဲနေတဲ့ ပင်လယ်ရေနက်အောက်ခြေကြီးမှာ ဘာအကောင်တွေ၊ ဘာအန္တရာယ်တွေများ ရှိနေမလဲဆိုတာကို တွေးတွေးပြီး စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေလွန်ကဲပြီး အသိစိတ်ကိုဖုံးလွှမ်းသွားတာ ဖြစ်ပါတယ်။

 

ကနဦးလက္ခဏာတွေကတော့…

 

  • နှလုံးခုန်နှုန်းမြန်လာမယ်
  • ခန္ဓာကိုယ်ချွေးစေးတွေပြန်လာမယ်
  • ခေါင်းတွေမူးလာမယ်
  • မူးဝေအော့အန်ချင်စိတ်ဖြစ်လာမယ်
  • စိတ် ကသိကအောက်တွေဖြစ်လာမယ်
  • မအီမသာဖြစ်လာမယ်
  • ပုံမှန်ထက် နေမထိထိုင်မသာ စိုးရိမ်ကြောင့်ကြမှု ပိုဖြစ်လာမယ်
  • လိပ်ပြာတွေလွင့်ပြီးညဘက်အိပ်လို့မပျော်တာတွေဖြစ်လာမှာ ဖြစ်ပါတယ်။

အကယ်၍ သင့်မှာ ရှောင်လွဲလို့မရတဲ့အခြေအနေမျိုးမှာဆိုရင်တောင် အထက်ဖော်ပြပါလက္ခဏာများမဖြစ်ရန် သင်နဲ့ သင့်တော်တဲ့နေရာတစ်နေရာမှာ နေထိုင်ပေးပါ။

ဖြစ်စေနိုင်တဲ့အကြောင်းရင်း

 

ဖြစ်စေနိုင်တဲ့အကြောင်းရင်းကတော့အမျိုးမျိုးရှိပါတယ်။ တစ်ခုက သင့်ကို ပင်လယ်သမုဒ္ဒရာတို့၊ ရေနက်တဲ့နေရာမျိုးတို့နဲ့ မှတ်မိဖွယ်ရာမကောင်းလောက်တဲ့ စိတ်စွဲလမ်းစရာ အတိတ်ကအကြောင်းအရာတစ်ခုခု ရှိခဲ့ဖူးလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မျိုးရိုးဗီဇကြောင့် : သင့်ရဲ့မိသားစုဝင်ထဲက တစ်ယောက်ယောက် (သို့) သင့်ပတ်ဝန်းကျင်အနီးနားကလူမှာ ပင်လယ်ကြောက်တဲ့ ရောဂါရှိပြီး အချင်းချင်းစကားတွေပြောဆိုခြင်းကနေတစ်ဆင့် (သို့) ထိတွေ့ဆက်ဆံခြင်းကနေတစ်ဆင့် ထို ကြောက်စိတ်ကအလိုအလျောက် သင့်ဆီကူးစက်သွားစေနိုင်တာလည်းဖြစ်နိုင်ပါတယ်။

ဘေးပတ်ဝန်းကျင်ကြောင့် : အတွေ့အကြုံဆိုးတွေကို ကိုယ်တိုင်ကြုံခဲ့ဖူးတာမျိုး (သို့) သူများကြုံခဲ့တာကို ကြားရမြင်ရတာမျိုး၊ ဒါမှမဟုတ်လည်း သတင်းထဲမှာ တွေ့မြင်ရတာမျိုး၊ ဒါမှမဟုတ် ပင်လယ်ရေနက်ကြီးထဲက သတ္တဝါအကောင် များအကြောင်း Documentary တွေ အကြည့်များတာမျိုးတွေက တစ်နေ့မှာ ထိုနေရာကို တကယ်လည်းရောက်သွားရော စိတ်ကူးတွေယဉ်ပြီး အတွေးစိတ်ကို သွားလှုံ့ဆော်ပေးလိုက်ကာ ကြောက်စိတ်ကို နှိုးဆွပေးလိုက်တာမျိုး ဖြစ်သွားစေပါတယ်။

ဦးနှောက်ရဲ့ဖွံ့ဖြိုးမှုကြောင့် : ကုသခံယူမှု မရှိခဲ့ရင် ဦးနှောက်ရဲ့ဖွံ့ဖြိုးမှုဟာ ကြောက်စိတ်အပေါ် အလိုအလျောက်တုံ့ပြန်မှု ဖြစ်စေကာ အာရုံကြောအဖွဲ့အစည်းစနစ်များရဲ့လုပ်ငန်းဆောင်တာလည်း မစွမ်းဆောင်နိုင်တော့ဘဲ ၎င်းကြောက်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားစေပါတယ်။

ကုသနည်း : သင့်အခြေအနေကို သင်ကိုယ်တိုင်အရင်စမ်းစစ်ပြီး တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ဆရာဝန်တွေက ကြောက်ရွံ့စိတ်တွေပုံမှန်ထက်လွန်ကဲနေတဲ့ စိတ်ပိုင်းဆိုင်ရာ (CBT) ကုထုံးနည်းစနစ်ကို ကုသမှု ပေးသွားမှာဖြစ်ပြီးတော့၊ သင့်ရဲ့ စိတ်ခံစားမှု၊ အမူအကျင့်၊ အတွေးအခေါ် တို့ကို နည်းစနစ်ကျကျ ထိန်းချုပ်ပြောင်းလဲ နေထိုင်တတ်လာအောင် ကုသမှုတွေပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို စိတ်ကျဝေဒနာရှင်များအတွက်လည်း အသုံးပြုနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပါ ရှိတဲ့ တချို့လူတွေအတွက်ကတော့ ဆရာဝန်တွေက ကိုယ်ကြောက်တဲ့အရာကို တိုက်ရိုက်ထိတွေ့ရင်ဆိုင်ပြီး ကုသတဲ့ ကုထုံးကို အသုံးပြုပါတယ်။ ဥပမာ အမြင့်ကြောက်ရင် အမြင့်တက်ခိုင်း၊ ပင်လယ်ကြောက်ရင် ပင်လယ်ဆင်းခိုင်း တဲ့သဘောပါ။ ဒီနည်းလမ်းဟာအစပိုင်းမှာ အရမ်းလက်ခံပေးရခက်ခဲပေမယ့် ကြာလာရင် တဖြည်းဖြည်းနဲ့ ကျင့်သားရပြီးကြောက်စိတ်တွေ သက်သာလျော့ပါးသွားစေတာပဲ ဖြစ်ပါတယ်။

(ပိုပိုလေး)

 


16 Mar 2020     1,715 Views




RELATED

Most Popular of Health Fix

Most Popular of Life Style