BEC-TERO TV

ထိုင်းနိုင်ငံတွင် ညမထွက်ရ ကာဖျူးအမိန့် ယနေ့စတင် အသက်ဝင်

03 Apr 2020     1,879 Views


ထိုင်းအစိုးရက ကိုရိုနာဗိုင်းရပ်စ် Covid-19 လျှော့ချကာကွယ်ရေး စီမံချက်အဖြစ် ညမထွက်ရ ကာဖျူးအမိန့်ကို တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးရန် ယနေ့စတင် ထုတ်ပြန်လိုက်သည်။ ထိုင်းပြည်သူများအနေနဲ့ ည ၁၀ နာရီကနေ နံနက် ၄ နာရီအထိ အိမ်ပြင်ထွက်ခွင့်ကို ပိတ်ပင်ကန့်သတ်လိုက်ပြီး ယနေ့ညက စတင်မှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖရာရတ်ချန်အိုချာ က ကြာသပတေးနေ့ ညနေခင်းက ရုပ်မြင်သံကြားမှတစ်ဆင့် ကာဖျူးအမိန့်ထုတ်ပြန်ကြောင်း အသိပေးကြေညာခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ညွန်ကြားချက် တစ်စုံတစ်ရာ မထုတ်ပြန်သည်အထိ ညမထွက်ရအမိန့် သက်ရောက်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချူပ်က ပြည်သူတွေအနေနဲ့ စိတ်သောက မရောက်ကြရန်၊ လိုအပ်သည့် အစားအသောက်များကို နံနက်ပိုင်းများတွင် ဝယ်ယူနိုင်ကြကြောင်းနှင့် တစ်ဦးနှင့်တစ်ဦး နေထိုင်ရမည့် အကွာအဝေးကို လိုက်နာကြရန် ဖြည့်စွက် သတိပေးသွားခဲ့ပါတယ်။

ကျန်းမာရေး၊ ဘဏ် နှင့် စားသောက်ကုန်၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်၊ သတင်းစာ၊ လောင်စာဆီ၊ စာတိုက်နှင့် ဆေးဝါးအထောက်အပံ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်များကို လိုအပ်ပါက ကာဖျူးအမိန့်မှ ခြွင်းချက်အနေဖြင့် ကင်းလွတ်ခွင့် ပြုထားသည်။ ဒါ့အပြင် ရောဂါထိန်းချုပ်ရန် တာဝန်ဖြင့်  ခရီးသွားလာမှုကိုလည်း ခွင့်ပြုထာသည်။

ဒါ့အပြင် ညဘက်အလုပ်တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများကို ခွင့်ပြုထားသော်လည်း သွားလာရသည့် အကြောင်းအရင်းကို သက်သေပြနိုင်သည့် ခိုင်လုံသော စာရွက်စာတမ်းများကို စစ်ဆေးသွားမည်ဖြစ်သည်။

ညမထွက်ရ အမိန့်ကို ချိုးဖောက်သူအား ထောင်ဒဏ် ၂ နှစ်ထက်မပိုသော ပြစ်ဒဏ် သို့မဟုတ် ဘတ် ၄၀,၀၀၀ ထက် မပိုသော ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။ အခြားစီရင်စုများတွင် ယခင်က ချမှတ်ထားသည့် ကာဖျူးအမိန့်များလည်း ဆက်လက်ရှိနေမည်ဖြစ်ပြီး ညမထွက်ရအမိန့်ကိုပါ ထပ်တိုးလိုက်နာကြရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ပြင် ခိုင်လုံသော သတင်းရင်းမြစ်မှ မဟုတ်သည့် သတင်းတုများ ဖြန့်ဝေခြင်း၊ လက်ဆင့်ကမ်းခြင်းတို့ကို မပြုလုပ်ကြရန်လည်း တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြထားသည်။


03 Apr 2020     1,879 Views




RELATED

Most Popular of International News

Most Popular of NEWS