BEC-TERO TV

အကိုက်ခဲပျောက်ဆေး မကြာခဏသုံးစွဲခြင်းနှင့် ကျန်းမာရေးအန္တရာယ်

09 Jun 2020     1,868 Views


အကိုက်ခဲပျောက်ဆေးဆိုတာ အိမ်တိုင်းလိုလို အလွယ်တကူ ဆောင်ထားတတ်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့် အန္တရာယ်ကင်းသောဆေးဖြစ်သော်လည်း မကြာခဏဆိုသလို စဉ်ဆက်မပြတ်သောက်တာကတော့ မသင့်တော်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တန်ဆေးလွန်ဘေး ဆိုသလို အတိုင်းထက်အလွန်များသွားရင် အသက်အန္တရာယ်အထိ ဖြစ်သွားစေနိုင်လို့ပါ။

ကိုက်ခဲခြင်းမရှိလည်း ဆေးအမြဲစွဲသောက်နေလျှင် ကြာလာသည်နှင့်အမျှ ဆေးယဉ်ပါးတာ၊ ဆေးမတိုးတာ၊ ဘေးထွက်ဆိုးကျိုးရှိတာတွေ ဖြစ်လာနိုင်တယ်။ အကိုက်ခဲပျောက်ဆေးကို မှန်မှန်ကန်ကန် ဘယ်လိုသုံးစွဲရမလဲဆိုတာ လေ့လာကြည့်ကြရအောင်။

 

အကိုက်ခဲပျောက်ဆေး မကြာခဏသုံးစွဲခြင်းမှ ဖြစ်နိုင်သော ကျန်းမာရေးအန္တရာယ်များ

အကိုက်ခဲပျောက်ဆေးအုပ်စုများဖြစ်တဲ့ ပါရာစီတမော၊ အက်စပရင်၊ စတီးရွိုက်မပါတဲ့ ရောင်ရမ်းကျဆေး တို့တွင် အဖျားကျစေပြီး ရောင်ရမ်းမှုသက်သာစေတဲ့ အာနိသင်တွေရှိပေမဲ့ အကြာကြီး စွဲမသောက်ပေးသင့်ပါ။ အထူးသဖြင့် စတီးရွိုက်မပါတဲ့ ရောင်ရမ်းကျဆေးတွေက ခန္ဓာကိုယ်အဖွဲ့အစည်းအသီးသီးရဲ့ လုပ်ဆောင်ချက်များကို အကျိုးသက်ရောက်မှုရှိသောကြောင့် ဖြစ်ပါတယ်။ ဥပမာ -

• အစာလမ်းကြောင်းဆိုင်ရာအဖွဲ့အစည်းစနစ်မှာ အော့အန်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း၊ အစာလမ်းကြောင်းမှာ အနာဖြစ်ခြင်း။

• နှလုံးနှင့်သွေးကြောဆိုင်ရာအဖွဲ့အစည်းစနစ်မှာ သွေးဖိအားတက်ခြင်း၊ ရုတ်တရက် နှလုံးကြွက်သားများသေခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း။

• အာရုံကြောအလယ်ပိုင်းဆိုင်ရာအဖွဲ့အစည်းစနစ်မှာ အိပ်ချင်သလို မိုင်တိုင်တိုင်၊ ထုံထိုင်းထိုင်း၊ စိတ်မရွှင်လန်းခြင်း။

• ကျောက်ကပ်ဆိုင်ရာမှာ ကျောက်ကပ်ရောင်ရမ်းစေတယ်၊ ကျောက်ကပ်တွင်း ပိုတက်ဆီယမ်နှင့် ဆိုဒီယမ် ပမာဏမြင့်တက်စေတယ်၊ ကျောက်ကပ်ပျက်စီးသွားစေနိုင်တယ်။

• အရေပြားဆိုင်ရာမှာ အရေပြားယားယံခြင်း၊ အရေပြားဖောရောင်ခြင်း၊ နေရောင်ခြည်နှင့်ဓါတ်မတည့်ဖြစ်နိုင်ခြင်း။

• အသည်းကို အဆိပ်တက်စေနိုင်တယ်၊ အဆိုးဆုံးက အသည်းပျက်စီးသွားစေတယ်။

 

အကိုက်ခဲပျောက်ဆေးများ မှန်ကန်စွာသုံးစွဲနည်း

1. ဆေးကို လိုအပ်မှသာ သောက်ပါ။ ကိုက်ခဲခြင်းကိုကြိုတင်ကာကွယ်ထားရန်ဆိုပြီး ဆေးကို ကြိုသောက်ထားတာမျိုး မပြုလုပ်သင့်ပါ။

2. တစ်နေ့လျှင် ၄၀၀၀ မီလီဂရမ်ထက် မပိုသင့်ပါ။ ၃၂၅-၅၀၀ မီလီဂရမ် ဆေးဖြစ်လျှင် ၄-၆ နာရီ ခြားမှ သောက်ပါ။ ၁၀၀၀ မီလီဂရမ် ဆေးဖြစ်လျှင် ၆-၈ နာရီ ခြားပေးရမယ်ဖြစ်ပြီးတော့ ၇ ရက်ထက်ပိုမသောက်သင့်ပါ။

3. လိုတာထက် ပိုမသောက်သင့်ပါ၊ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သေသေချာချာလိုက်နာပေးရန် လိုအပ်ပါတယ်။

4. ဆေးသောက်နေစဉ်အတွင်း အရက်ယမကာများ မသောက်သင့်ပါ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ ပိုမိုခံစားစေနိုင်လို့ပါ။

ဘယ်ဆေးဝါးကိုမဆို မသောက်သုံးခင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် ပြသတိုင်ပင်ပြီးမှသောက်တာ အကောင်းဆုံးပါ။

(ပိုပိုလေ:)

 

 


09 Jun 2020     1,868 Views




RELATED

Most Popular of Special or Others

Most Popular of Life Style