BEC-TERO TV

မျက်လုံးဆိုင်ရာကျန်းမာရေးအကြောင်း သိကောင်းစရာ

11 Jun 2020     1,780 Views


မျက်လုံးသည် ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးသောအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် အမြင်အာရုံမှ အရာရာကို မြင်တွေ့ရတယ်၊ လေ့လာသင်ယူမှု ရှိတယ်။ ပြီးတော့ မျက်လုံးကို နေ့စဉ်နေ့တိုင်း အသုံးပြုရပြီး၊ အိပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ အလုပ်လုပ်ရတယ်။

နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့သည် မျက်စိကိုပျက်စီးစေတဲ့ လုပ်ဆောင်မှု့များစွာလုပ်နေကြပါတယ်။ ကွန်ပျူတာကြာကြာသုံးတာ၊ တီဗွီကြာကြာကြည့်တာ၊ ပြင်းထန်တဲ့နေရောင်ခြည်နှင့်ထိတွေ့တာ ဒါတွေဟာ မျက်စိကိုနာကျင်စေတဲ့၊ မျက်စိကြွက်သားများညောင်းညာစေတဲ့၊ မျက်စိအမြင်ဝေဝါးစေတဲ့၊ မျက်စိကို ပျက်စီးစေတဲ့ အပြုအမူတွေပါ။ ထို့ကြောင့် ဒီနေ့မှာ မျက်စိကို ဘယ်လိုဂရုစိုက်စောင့်ရှောက်ရမလဲဆိုတဲ့ နည်းလမ်းများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

1. ဖန်သားပြင်နှင့်ခပ်ခွာခွာနေပါ

အီလက်ထရောနစ်ပစ္စည်းများမှာလည်း အခြားလျှပ်စစ်ပစ္စည်းများကဲ့သို့ ရောင်ခြည်ဖြာထွက်မှုရှိတယ်။ မျက်စိ ညောင်းညာစေပြီး အမြင်အာရုံပျက်စီးစေသည့် အကြောင်းရင်းတစ်ခုဖြစ်သော သံလိုက်လှိုင်းနှင့် လျှပ်စစ်လှိုင်း နှစ်ရပ် ရှိပါတယ်။ ကွန်ပျူတာ (သို့) ဖုန်းကို အကြာကြီးအသုံးပြုမယ်ဆိုရင် ဖန်သားပြင်မှ ၅၀-၇၀ စင်တီမီတာ အကွာအဝေးမှာ ကြည်သင့်ပါတယ်။ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ စာလုံးနှင့် အလင်းအမှောင်၊ မျက်စိနှင့်အဆင်ပြေဆုံးအနေအထားမှာ ချိန်ညှိပေးထားရပါမည်။

 

2. မျက်စိကို အနားပေးပါ

အရာတစ်ခုခုကို ကြာကြာစိုက်ကြည့်ပြီး မိနစ် ၂၀ တိုင်းမှာ မျက်စိကို အနားပေးပါ။ ကွန်ပျူတာသုံးတာပဲဖြစ်ဖြစ် ဖုန်းသုံးတာပဲဖြစ်ဖြစ် စာဖတ်တာပဲဖြစ်ဖြစ် ၂ နာရီထက် ပို၍မကြာသင့်ပါ။ မျက်စိကို အနားပေးခြင်းဖြင့် မျက်လုံးခဏမှိတ်ထားပြီး အနားယူပါ၊ မျက်လုံးနားတစ်ဝှိုက်အား လက်ချောင်းလေးနှင့် စက်ဝိုင်းပုံစံဖြင့် ညင်သာစွာ နှိပ်နယ်ပေးပါ၊ ၅-၆ ကြိမ်အထိ လုပ်ပေးပါ၊ ခပ်ဝေးဝေးတစ်နေရာသို့ လှမ်းကြည့်ပေးပါ၊ အစိမ်းရောင်ရှိတဲ့ အပင်များကိုကြည့်ပါ၊ ဒါမှမဟုတ် အချိန် ၁၅ မိနစ်လောက်ဖြစ်ဖြစ် ခဏမှေးအိပ်လိုက်ပါ။

 

3. မျက်စိအကာအကွယ်မပါဘဲ အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်ပါ

ပြင်းထန်တဲ့နေရောင်ခြည်ဟာ အထူးသဖြင့် အချိန် မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအတွင်း၌ မျက်စိအတွက် အလွန်အန္တရာယ် များတဲ့ အချိန်ဖြစ်တယ်။ လေနှင့်ဖုန်မှုန့်များကလည်း မျက်စိကို ယားယံစေတယ်။ ထို့ကြောင့် အပြင်သို့ အကြာကြီးသွားမယ်ဆိုရင် မျက်စိကို ခရမ်းလွန်ရောင်ခြည်ထိခိုက်ခြင်းမှ ကာကွယ်ရန် နေကာမျက်မှန်တပ်ဆင်ပေးဖို့ လိုအပ်တယ်။ ကွန်ပျူတာ (သို့) ဖုန်း ကို ဖြစ်နိုင်မယ်ဆိုရင် Night mode (သို့) အလင်းလျှော့ပေးရန် လိုအပ်တယ်။

 

4. မျက်စိကို အားကောင်းစေတဲ့အစားအစာများ စားပါ

 

ပရိုတင်းများတဲ့အစားအစာများ၊ ဗီတာမင်အေ များတဲ့ဟင်းသီးဟင်းရွက်များ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ - ကန်စွန်းရွက်၊ ကိုက်လန်၊ လိမ္မော်ရောင်နှင့်အဝါရောင်ရှိတဲ့ အသီးအရွက်များ - မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဘယ်ရီအသီးများဖြစ်တဲ့ - ဘရူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီ အစရှိသည်တို့ဟာ မျက်လုံးဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပြီး၊ မျက်လုံးကို အားကောင်းစေတယ်။

ထို့အပြင် ကြက်ဥ၊ ထောပတ်သီး၊ ဘာဒံစေ့၊ ပင်လယ်ငါးများဖြစ်တဲ့ - တူနာငါး၊ ဆယ်လ်မွန်ငါး၊ အင်ချိုဗီငါး၊ ထရောက်ငါး အစရှိသည်တို့မှာလည်း မျက်လုံးခမ်းခြောက်ခြင်းမှ ကာကွယ်ပေးပြီး၊ မျက်လုံးကို ရေဓါတ်ဖြည့်ဆည်းပေးတယ်။ ရေ လုံလုံလောက်လောက် သောက်ပေးဖို့လည်း လိုအပ်တယ်။

 

5. အိပ်စက်အနားယူမှု လုံလောက်ပါစေ

အိပ်စက်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို အကောင်းဆုံး ပြန်လည်မွမ်းမံပေးတဲ့အချိန်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်ပျော်နေစဉ် ခန္ဓာကိုယ်အတွင်းရှိ ယိုယွင်းပျက်စီးသွားသော အစိတ်အပိုင်းအသီးသီးကို ပြန်လည်ပြုပြင်ရန်နှင့် အားဖြည့်ရန် ဟော်မုန်းအမျိုးမျိုးကို ထုတ်လုပ်ပေးတယ်။ ထို့ကြောင့် အိပ်စက်မှု အပြည့်အဝရရှိဖို့ အရေးကြီးတယ်။ ထို့အပြင် အိပ်စက်ချိန်သည် မျက်စိအား အလုပ်တာဝန်များကနေ တကယ်အနားပေးသော အချိန်လည်းဖြစ်တယ်။ နှစ်နှစ်ခြိုက်ခြိုက်ပိုအိပ်လေလေ မျက်စိအနားယူ ပိုရလေလေ ဖြစ်တယ်။

(ပိုပိုလေး)

 

 


11 Jun 2020     1,780 Views




RELATED

Most Popular of Special or Others

Most Popular of Life Style