BEC-TERO TV

လော့ခ်ဒေါင်း ၅ လကြာဝင်ပြီးနောက် ကိုယ်အလေးချိန် ၁၀၀ ကီလိုဂရမ်ကျော်တက်သွားသော အမျိုးသားတစ်ဦး

17 Jun 2020     1,721 Views


တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ အသက် ၂၆ နှစ် အမည်မဖော်လိုသူအမျိုးသားတစ်ဦးသည် ကမ္ဘာတလွှား ကိုဗစ် ၁၉ ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် အာဏာပိုင်များအမိန့်ထုတ်ပြန်ထားသော အိမ်ပြင်မထွက်ရအမိန့်အရ ၅ လကြာကာလအတွင်း နေအိမ်ထဲမှာနေထိုင်ရင်း ခန္ဓာကိုယ်အလေးချိန် ၁၀၀ ကီလိုဂရမ်ကျော်တက်သွား၍ ဆေးရုံကို အရေးပေါ် တင်လိုက်ရသော ဖြစ်ရပ်တစ်ခု ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

၁၀၀ ကီလိုဂရမ်ထပ်တက်သွားသော သူ့အလေးချိန်သည် သူ့ကို ခန္ဓာကိုယ်အလေးချိန် ၂၇၉ ကီလိုဂရမ်အထိဖြစ်သွားစေခဲ့ပြီး၊ ဝူဟန်မြို့၏ ခန္ဓာကိုယ်အလေးချိန်အများဆုံးသူဟု ဆိုနိုင်ပါတယ်။

သူသည် အင်တာနက်ကဖီးဆိုင်တစ်ခု၏ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလကုန်လောက်ကတည်းကစပြီး အာဏာပိုင်များ လော့ခ်ဒေါင်းပြန်ဖြေလျှော့ပေးသော ဧပြီလကုန်ပိုင်းအချိန်အထိ တောက်လျှောက်အိမ်ပြင်မထွက်ဘဲ နေလာခဲ့ပြီးနောက် တအားမြင့်တက်လာသောသူ့ကိုယ်အလေးချိန်ကြောင့် အပြင်ထွက်ရန် အခက်တွေ့လာခဲ့ပါတယ်။

သူသည် မေလအကုန်လောက်မှာ ၂ ရက်ဆက်တိုက် အိပ်မပျော်သောဝေဒနာနှင့် စကားကောင်းကောင်းမပြောနိုင်သောအခြေအနေထိဆိုးရွားလာပြီး၊ ဇွန်လ ၁ ရက်နေ့မှာ လူအကူ ၆ ဦးနှင့် ဆရာဝန် ၄ ဦးက သူ့ကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပါတယ်။ ဆေးရုံသို့ရောက်သော် အထူးကြပ်မတ်ဆောင်သို့အမြန်ပို့ပေးပြီး စစ်ဆေးမှုများလုပ်ကာ နှလုံးကပျက်စီးလုနီးနီးဖြစ်နေသလို အသက်ရှူလမ်းကြောင်းစနစ်ရဲ့လုပ်ဆောင်ချက်များမှာလည်း မူမမှန်တာတွေစစ်ဆေး တွေ့ရှိခဲ့ကြရပါတယ်။

ဤသို့ကြောင့် အထူးကြပ်မတ်ဆောင်မှာ ၉ ရက်တိုင်တိုင် ၂၄ နာရီလုံးလုံး အချိန်ပြည့် ဆရာဝန်များ ကသူ့ကို စောင့်ကြည့်ကြပ်မတ်ပေးခဲ့ကြပြီး အသက်အန္တရာယ်ကင်းသောအခြေအနေရောက်သွားတော့မှ သာမန်လူနာဆောင်သို့ ရွှေ့ပြောင်းပေးလိုက်ပါတယ်။

ဆရာဝန်များက သူ့ကိုယ်အလေးချိန်ကျဆင်းရန် ခွဲစိတ်ကုသမှုကို နောက် ၃ လ တွင် ပြုလုပ်ပေးသွားဖို့ စီစဉ်ထားပေမယ့် အသက်အန္တရာယ်ကင်းရန်အတွက် ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ် လျှော့ချပေးဖို့ အရင်ကြိုးစားပေးရမည် ဖြစ်သည်။

(ပိုပိုလေး)

 

 


17 Jun 2020     1,721 Views




RELATED

Most Popular of Special or Others

Most Popular of NEWS