BEC-TERO TV

ဒက်ဆာမီသာဇုန်း (dexamethasone) ဆေးက ကိုရိုနာဗိုင်းရပ်စ် ကို အနိုင်ယူနိုင်မလား

17 Jun 2020     1,798 Views


လူ့အသက်တွေကို ဒုက္ခပေးနေတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ပွဲမှာ ဒီစတီးရွိုက်ဆေး အနည်းငယ်ပေးတဲ့ ကုထုံးဟာ တကယ့်ကို အောင်မြင်မှု အချိုးအကွေ့ အပြောင်းအလဲကြီးတခုပဲလို့ ယူကေက ကျွမ်းကျင်သူတွေက ပြောပါတယ်။

အသက်ရှုစက်တပ်ဆင်ထားရတဲ့ ကိုဗစ်လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်းကို သုံးပုံ တပုံ အထိ ဖြစ်လာအောင် ဒီဆေးက လျှော့ချပေးနိုင်သလို၊ အောက်စီဂျင်ပေးထားရတဲ့ လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်းကို ငါးပုံ တပုံ အထိလျှော့ချပေးနိုင်ပါတယ်။

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ကတည်းက ဒီဆေးကို စသုံးခဲ့ရင် လူ့အသက်ပေါင်း ၅၀၀၀ ရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့လိမ့်မယ်လို့ သုတေသီတွေက ခန့်မှန်းပါတယ်။

ဒီဆေးဟာ ဈေးသက်သာတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေ အများအပြားရှိနေတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း အကျိုးအလွန်ထူးနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စကူးစက်ခံရတဲ့ လူ ၂၀ မှာ ၁၉ ယောက်က ဆေးရုံတင်စရာမလိုဘဲ ပြန်နာလန်ထူလာနိုင်ပါတယ်။

ဆေးရုံတင်ရသူ အများစုလည်း ပြန်ကောင်းလာပေမယ့် အချို့ လူနာတွေကို အောက်စီဂျင်ပေးရတာ၊ ပိုဆိုးရင် အသက်ရှူစက်တပ်ဆင်ပေးရတာတွေ လုပ်ရပါတယ်။

အဲဒီလို အသည်းအသန်ဖြစ်နေတဲ့ လူနာတွေကို ဒက်ဆာမီသာဇုန်းဆေးက ကူညီနိုင်မယ့်ပုံပါ။

ဒီဆေးကို ရောင်ရမ်းတာလျော့ဖို့အတွက် သုံးနေခဲ့ကြတာပါ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာတော့ ရောဂါပိုးကို ကိုယ်ခံအားစနစ်ကတိုက်ဖျက်ရာမှာ ကိုယ်ခံအားစနစ် အသုံးပြုတာများရင်ဖြစ်လာမယ့် အပျက်အစီးတွေမဖြစ်အောင် ဒီ ဆေးက တားဆီးပေးပုံရပါတယ်။

ကိုယ်ခံအားစနစ်ကို လွန်လွန်လွန်ကဲကဲ အသုံးပြုသွားတဲ့အခြေအနေကို cytokine storm လို့ခေါ်ပြီး အဲဒါက လူ့အသက်ကိုသေစေနိုင်ပါတယ်။

အောက်စဖို့ တက္ကသိုလ်က ဦးဆောင်တဲ့ အဖွဲ့က ဆေးရုံတင်လူနာ ၂၀၀၀ လောက်ကို ဒက်ဆာမီသာဇုန်းပေးပြီး၊ ဒီဆေးမပေးထားတဲ့ နောက်ထပ် လူနာ ၄၀၀၀ လောက်နဲ့ နှိုင်းယှဉ်ကြည့်ကာ ဒီစမ်းသပ်ကုထုံးကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီဆေးက အသက်ရှူစက်တင်ထားရတဲ့ လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်း ၄၀% ကနေ ၂၈% အထိ ကျဆင်းစေခဲ့သလို၊ အောက်စီဂျင်ပေးထားရတဲ့ လူနာတွေရဲ့ သေဆုံးဖို့ အန္တရာယ်ရှိနှုန်း ၂၅% ကနေ ၂၀% ထိ ကျဆင်းစေခဲ့ပါတယ်။

စစ်ဆေးရေးမှူးချုပ် ပါမောက္ခ ပီတာ ဟော်ဘီက "အခုလက်ရှိအချိန်အထိ သေဆုံးမှုနှုန်းကို လျှော့ချနိုင်တဲ့ တခုတည်းသောဆေးက ဒီဆေးပါပဲ၊ သိသိသာသာကို လျှော့ချနိုင်တာပါ၊ ဒါဟာ တကယ့်ကြီးမားတဲ့ အောင်မြင်မှုပါ" လို့ဆိုပါတယ်။

ဦးဆောင်သုတေသီ ပါမောက္ခ မာတင် လန်ဒရေက ဒီတွေ့ရှိမှုက ဘာကိုပြောသလဲဆိုရင် အသက်ရှူစက်နဲ့ကုသနေရတဲ့ လူနာ ၈ ယောက်မှာ ဒီဆေးက ၁ ယောက်ကို အသက်ကယ်တင်နိုင်တာဖြစ်တယ် လို့ ဆိုပါတယ်။

အောက်စီဂျင်ပေးကုသနေရတဲ့ လူနာ ၂၀ နဲ့ ၂၅ ယောက်လောက် လူနာတွေမှာ ဒီဆေးက ၁ ယောက်ကို အသက်ကယ်ပေးနိုင်တာပါလို့ ဆိုပါတယ်။

"ဒါဟာ သိပ်ကိုအကျိုးများတာ ထင်ရှားတယ်၊ ဒက်ဆာမီသာဇုန်းဆေး ကို လူနာကို ၁၀ ရက်ပေးရရင်၊ လူနာ တယောက်ကို ၅ ပေါင်လောက်ပဲ ကုန်ကျပါတယ်၊ အသက်တချောင်းကို ကယ်တင်ဖို့ အလွန်ဆုံး ၃၅ ပေါင်ပဲ ကုန်ကျမှာပါ၊ ဒီဆေးက နိုင်ငံတကာမှာလည်း ရလွယ်ပါတယ်" လို့ လည်းသူက ပြောပါတယ်။

ပါမောက္ခ လန်ဒရေက ဘာမှအချိန်မဆွဲဘဲ ဆေးရုံမှာရှိတဲ့လူနာတွေ ဒီဆေးကို ပေးသင့်တယ်၊ ဒါပေမဲ့ သာမန်လူတွေအနေနဲ့ ဒီဆေးကို ဆိုင်မှာသွားဝယ်ပြီး အိမ်မှာကိုယ့်ဘာသာကိုယ်ကုနေတာမျိုး မလုပ်သင့်ဘူးလို့ လည်းပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ အပျော့စားတွေသာ ပြနေတဲ့ လူနာမျိုးတွေ (အသက်ရှူရခက်တဲ့အထိ မဖြစ်တဲ့လူနာမျိုးတွေ) မှာ ဒီ ဒက်ဆာမီသာဇုန်းဆေးက အသုံးတည့်မှာ မဟုတ်ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသဖို့ မတ်လကတည်းက စမ်းသပ်ကုသတာတွေ လုပ်နေခဲ့ကြပြီး ငှက်ဖျားဆေး ဟိုက်ဒြောက်ဆီ ကလိုရိုကွင်း (hydroxychloroquine)ကို သုံးခဲ့ကြပါသေးတယ်၊။

နောက်ပိုင်းမှာ ဒီဆေးကြောင့် သေဆုံးတာ၊ နှလုံးထိခိုက်တဲ့ ပြဿနာတွေဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီဆေး သုံးစွဲပြီး ကုသတာကို ရပ်ဆိုင်းခဲ့ပါတယ်။

တခါ ဗိုင်းရပ်စ်ကုသဆေးတမျိုးဖြစ်တဲ့ ရမ်ဒဲစ်စီဗီယာ (remdesivir) ဆေးကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး ပြန်မြန်မြန်နာလန်ထူနိုင်ရေးအတွက် သုံးခဲ့ကြပြီး ဒီဆေးကိုတော့ ယူကေက ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် သုံးစွဲကြဆဲ ဖြစ်ပါတယ်။

 

 


17 Jun 2020     1,798 Views




RELATED

Most Popular of Special or Others

Most Popular of NEWS