BEC-TERO TV

ပန်းတနော်တွင် အသက် ၉ နှစ်အရွယ်ကလေးအား အဆိပ်ကျွေးသတ်ပြီး ရွှေနားကပ်လုယူခံရ

25 Jun 2020     1,665 Views


ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ သော်ကဇင်းကျေးရွာမှာ ဇွန်လ ၁၉ ရက်နေ့က အသက် ၉ နှစ်အရွယ် မတွယ်တာဦး(ခ)မိကောက်ကို အိမ်နီးနားချင်း အမျိုးသမီးက အဆိပ်ကျွေးသတ်ပြီး ရွှေနားကပ်လုယူမှုဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိပ်ကျွေးသတ်ခံရတဲ့ ကလေးငယ်မှာ ညီအမတော်စပ်သူ တစ်ရွာထဲနေ သူငယ်ချင်းများနဲ့ တူပုန်းတိုင်းဆော့နေချိန်မှာပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ကလေးများလူစုခွဲပြီးပြန်ချိန်မှာ မိခင် ဖြစ်သူက သမီးဖြစ်သူပြန်ရောက်မလာလို့ လိုက်ရှာရင်း နေအိမ်အနောက်ဘက် ပေ ၃၅၀ အကွာလောက်မှာ ပါးစပ်သွေးထွက်ကာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲမှတ် တမ်းတွေအရသိရသည်။ "ကလေးက တူပုန်းတိုင်းဆော့ရင်း ပျောက်သွားတာ ပြန်တွေ့တော့ ကလေးက အသက်မရှိ တော့ဘူးလို့ သိရတယ်၊ သူ့အမေကိုယ်တိုင်ရဲစခန်းကို လာအမှုဖွင့်တာပါ၊ တရားခံကိုလည်း ဖမ်းမိထားပါပြီ၊ တရားဥပဒေအရ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်သွားမှာပါ"လို့ တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေမှ ပြောသည်။ ကလေးငယ်ကို ပြန်တွေ့ချိန်မှာ နားမှာ တန်ဘိုး ၁၅၀၀၀၀ိ/- ခန့်ရှိ ရွှေနားကပ် တရံပျောက်ဆုံး နေတာကို သိရှိခဲ့ပြီး ကလေးငယ်အလောင်းကို ရဲဆေးစာနဲ့အတူ ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ရဲစခန်းမှာ မိခင်ဖြစ်သူကိုတိုင် လာရောက်အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်သည်။ အသက် ၉ နှစ်အရွယ် ကလေးငယ် တူပုန်းတိုင်းဆော့ကစားနေစဉ် တစ်ရွာထဲနေ အသက် ၂၈ နှစ်အရွယ် မသင်းသင်းဝေဆိုသူက ကွမ်းခြံအတွင်းကို ခေါ်ဆောင်သွားတာတွေထဲလို ကလေး တစ်ဦးရဲ့ ပြောပြချက်အရ မမော်မော်စန်းဆိုသူကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေပြုလုပ်ခဲ့သည်။ ကလေးငယ်သေဆုံးတာနဲ့ ပတ်သက်ပြီး မသင်းသင်းဝေဆိုသူကို ရဲတပ်ဖွဲ့က စစ်ဆေးချိန်မှာ ကလေးငယ်များဆော့ကစားနေစဉ် သေဆုံးသူကလေးငယ်ကို ငရုတ်သီးခူးမယ်ဆိုပြီး ခေါ်ဆောင်ခဲ့ပြီးနောက် သကြားလုံးစမလားဟု ကလေးကို မေးကာ သကြားလုံးပုံစံပြုလုပ်ထား တဲ့ ပိုတက်(ပိုးသတ်ဆေး)ကိုကြွေးခဲ့ပြီး ခဏကြာချိန်မှာ ကလေးသတိလစ်လဲကျသွားစဉ် နားကပ်ကိုဖြုတ်ယူ ပြီးပြန်လာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထံမှာ ဝန်ခံခဲ့သည်။ ကလေးငယ်သေဆုံးအောင်ပြုလုပ်ပြီး ရွှေနားကယ်လုယူခဲ့သူ မသင်းသင်းဝေအား ပန်းတနော် မြို့မရဲစခန်းတွင် (ပ) ၃၄၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၂ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဓာတ်ပုံ - အောင်သန်းဌေး (ပန်းတနော်) #Ayeyarwaddy_Times


25 Jun 2020     1,665 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS