BEC-TERO TV

ဂျပန်ရေဘေး သေဆုံးသူ ၅၀ ကျော်ရှိလာ၊ ပြည်သူတစ်သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းမည်

09 Jul 2020     1,493 Views


ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၊ ကျူးရှူးကျွန်း၌ သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် သဘာဝဘေးအန္တရာယ် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရာ ကူမာမိုတိုဒေသရှိ သက်ကြီး စောင့်ရှောက်ရေးဂေဟာတစ်ခုမှ လူ ၁၄ ဦးလည်း ပါဝင်သည်။

အနီးအနားရှိ ကူးမားမြစ်မှ မြစ်ရေများကြောင့် အဆိုပါ သက်ကြီးစောင့်ရှောက်ရေးဂေဟာ ရေနစ်မြှုပ်ခဲ့ရာ ဝှီးချဲ ဖြင့်သွားလာရသူအချို့ ရေလွတ်ရာသို့ မသွားနိုင်တော့ဘဲ မြေပြင်ပေါ်၌ သောင်တင်သွားစေခဲ့သည်။ လူတစ်ဒါဇင်ထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။ ရေကြီးရေလျှံမှုများကြောင့် တံတားများ၊ လမ်းမကြီးများ ရေနှင့်မျောပါသွားခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များက နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရန် ဖောင်များ၊ လေသွင်းလှေများ အသုံးပြုခဲ့ရ သည်။

ရေနစ်မြှုပ်လျက်ရှိရာ အိမ်ခေါင်မိုးပေါ်၌ ခိုလှုံနေရသော ဒေသခံအချို့ကို ရဟတ်ယာဉ်များဖြင့် ကယ်တင်ခဲ့ရသည်။ ကျူးရှူးကျွန်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးမစ်ရှင်တွင် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော် အပြင် အရေးပေါ်ကယ်ဆယ်ရေးသမားများပါဝင်ခဲ့ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီဟိုင်ဒီဆူဂါက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ကျူးရှူးဒေသခံ ပြည်သူတစ်သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။

Credit

#popolay #popolaytv #news #Japan #flood


09 Jul 2020     1,493 Views




RELATED

Most Popular of International News

Most Popular of NEWS