BEC-TERO TV

Moderna ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေးစမ်းသပ်ချက် တိုးတက်မှုရနေ

16 Jul 2020     1,654 Views


Coronavirus ပိုးကာကွယ်ဆေးတစ်မျိုးရဲ့အစောပိုင်းအဆင့် စမ်းသပ်တွေ့ရှိချက်တွေအရ ရောဂါပိုးကို ခံနိုင်ရည်ရှိတဲ့ တုန့်ပြန်မှုကို အားရစရာတွေ့ရတယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ သွေးနဲ့ မတည့်တဲ့ရောဂါနဲ့ ကူးစက်ရောဂါဆိုင်ရာ အမေရိကန်အမျိုးသားသိပ္ပံက သုတေသီတွေ စမ်းသပ်ဖော်ထုတ်ထားတဲ့ ကာကွယ်ဆေးကို အမေရိန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ပြီး စမ်းသပ်နေတာဖြစ်ပါတယ်။

စမ်းသပ်ဆေးကို အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား မိမိသဘောနဲ့ စမ်းချင်သူ ၄၅ ယောက်နဲ့ စမ်းသပ်ခဲ့တာပါ။ သူတို့ကို ဆေးနှစ်ခါပေးပြီး စမ်းသပ်တာမှာ ဘယ်သူမှ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မတွေ့ရဘူးလို့ New England ဆေးသိပ္ပံဂျာနယ်မှာ သုတေသီတွေက ပြောထားပါတယ်။ စမ်းသပ်ခံရသူ ထက်ဝက်ကျော်မှာတော့ နည်းနည်းပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ချမ်းစိမ့်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာမျိုးဖြစ်ကြတယ်လို့ ပြောပါတယ်။

ကာကွယ်ဆေးကို စိတ်ချလက်ချသုံးလို့ရမလား၊ ရောဂါပိုးကို ခုခံနိုင်မယ့် ကိုယ်ခံစွမ်းအား ကောင်းအောင်လုပ်နိုင်မလားဆိုတာကို ပထမအဆင့်အနေနဲ့ လူတွေကို ဆေးပမာဏခွဲပေးပြီး ပထမအဆင့်လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ ခုလိုတွေ့ရှိတာဖြစ်ပါတယ်။ လက်ရှိမှာ ဒုတိယအဆင့် စမ်းသပ်မှုတွေကို Moderna ကုမ္ပဏီက လုပ်နေပါပြီ။

တတိယအဆင့် စမ်းသပ်မှုကိုလည်း ဇူလိုင် ၂၇ ရက်နေ့မှာ လူပေါင်း ၃၀,၀၀၀ လောက်နဲ့ စတင်လုပ်တော့မှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း COVID-19 အတည်ပြုလူနာ ၁၃ သန်းကျော်နဲ့ သေဆုံးသူ ၅၈၀,၀၀၀ နီးပါးဖြစ်နေချိန်မှာ ရောဂါကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက ကြိုးစားနေကြတာဖြစ်ပါတယ်။


16 Jul 2020     1,654 Views




RELATED

Most Popular of International News

Most Popular of NEWS