BEC-TERO TV

သင့်လက်တွေ နာကျင်နေပြီလား

17 Jul 2020     1,754 Views


လက်နဲ့ လက်ကောက်ဝတ်နေရာမှာ နာကျက်ကိုက်ခဲမှုဟာ အဖြစ်များတဲ့ ကြွက်သားနဲ့ အဆစ်ဆိုင်ရာ ပြဿနာ တစ်ခုဖြစ်ပါတယ်။ လူအများစုဟာ တစ်နေ့လုံးနီးပါး လက်တွေကိုအသုံးပြုပြီး အလုပ်လုပ်နေရတဲ့အတွက် လက်နဲ့ လက်ကောက်ဝတ်တွေမှာ ညောင်းညာ ပင်ပန်းမှု၊ နာကျင်ကိုက်ခဲမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်လာပါတယ်။
 

အဖြစ်များသော လက်နှင့် လက်ကောက်ဝတ်ပြဿနာများ

 
ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကိုသုံးပြီး လှုပ်ရှားမှုပုံစံတစ်မျိုးတည်းကို ထပ်ကာ ထပ်ကာ လုပ်ရင် အဲဒီနေရာမှာ ထပ်ကာထပ်ကာ ဖိစီးမှုကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာရမှု(Repetitive stress injury) ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာစာစီစာရိုက်သူ၊ စာရေး၊ ဂီတသမား၊ လက်သမားနဲ့ အားကစားသမားတွေက သူတို့ရဲ့ လက်နဲ့လက်ကောက်ဝတ်မှာ ဒီလို ပုံစံထိခိုက်မှုမျိုး ဖြစ်တတ်ပါတယ်။ Carpal Tunnel Syndrome ဆိုတာအဖြစ်များတဲ့ လက်ကောက်ဝတ်ဆိုင်ရာ နောက်ထပ်ပြဿနာတစ်ခုပါ။
 
လက်ကောက်မှာရှိတဲ့ အာရုံကြောကို ဖိမိခြင်းကြောင့် လက်မ၊ ညှိုး၊ လက်ခလယ်စတဲ့ လက်ချောင်းတွေမှာ နာကျင်တတ်ပါတယ်။ ဒီပြဿနာရှိသူတွေဟာ အလုပ်လုပ်နေစဉ်မှာ လက်ကောက်ဝတ် အစွပ်တပ်ထားရတတ်ပါတယ်။ အရင်က ဖြစ်ခဲ့တဲ့ထိခိုက်ဒဏ်ရာနဲ့ အဆစ်လွဲတဲ့ ဒဏ်ရာအဟောင်းတွေကလည်း ပြန်ပြီး ဒုက္ခပေးနိုင်ပါသေးတယ်။ ဥပမာ အရင်ဒဏ်ရာအဟောင်းရှိတဲ့နေရာမှာ အဆစ်ရောင်လာတာမျိုးပါ။ အဆစ်ရောင်တာဟာ လက်ချောင်းတွေကို ထိခိုက်နာကျင်စေပါတယ်။ လက်မအဆစ်ရောင်တာမျိုးက အဖြစ်များပြီး နာကျင်တတ်ပါတယ်။ အရွတ်တွေအနားမှာ အဖုဖြစ်တာ ဒါမှမဟုတ် တစ်သျှူးရောင်တာမျိုးကလည်း လက်နဲ့လက်ကောက်ဝတ်တွေကို နာကျင်စေနိုင်ပါတယ်။
 

လက်နှင့် လက်ကောက်ဝတ် နာကျင်တတ်သူများ

 
ဘယ်သူမဆို တစ်ချိန်ချိန်မှာ လက်နဲ့ လက်ကောက်ဝတ် နေရာတွေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကတော့ သူတို့ရဲ့ လက်ကောက်ဝတ်၊ လက်မနဲ့လက်ချောင်းတွေကို အနှောက်အယှက်ဖြစ်စေတဲ့ အဆစ်ရောင်နာရောဂါတွေ အဖြစ်များပါတယ်။
 
ငယ်ရွယ်သူတွေကတော့ ချောလဲတာ ဒါမှမဟုတ် အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် အဆစ်ရောင်နာ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ကွန်ပျူတာမှာ စာရိုက်တာ၊ ဆံပင်ညှပ်တာ၊ စားသောက်ဆိုင်မှာ ဟင်းသီးဟင်းရွက်တွေ အမြဲလှီးဖြတ်ရတာနဲ့ အရောင်းကောင်တာမှာ အလုပ်လုပ်တာတွေလိုမျိုး အနေအထားတစ်မျိုးတည်းမှာ ထပ်ကာထပ်ကာလှုပ်ရှားရတာကြောင့်လည်း လက်နဲ့လက်ကောက်ဝတ် နာကျင်တတ်ပါတယ်။
 

ကာကွယ်မှု

 
လက်နဲ့ လက်ကောက်ဝတ်ထိခိုက်ဒဏ်ရာရမှုတွေကို ကာကွယ်ဖို့အတွက်
 
- သင်အလုပ်လုပ်တဲ့နေရာဟာ သင့်အတွက်အဆင်ပြေနေဖို့ လိုအပ်ပါတယ်။ သင်အသုံးပြုရမယ့် ပစ္စည်းတွေကို 
  မှန်ကန်တဲ့ အနေအထားမှာ ရှိအောင်စနစ်တကျ စီစဉ်ထားရှိပါ။ ဥပမာ သင်ဟာ ကွန်ပျူတာ သုံးသူဆိုရင် သင့် 
  စားပွဲနဲ့ ကီးဘုတ်တွေကို မှန်ကန်တဲ့ အနေအထားမှာ ထားရှိမှသာ သင့်ပခုံး၊ တံတောင်ဆစ်၊ 
  လက်ကောက်ဝတ်နဲ့ လက်တွေဟာ သက်သောင့်သက်သာ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။
 
- အလုပ်ကို ဆက်တိုက်အကြာကြီး မလုပ်ဘဲ ကြားထဲမှာ မကြာခဏနားပေးပါ။ သင့်ပခုံး၊ လည်ပင်း၊ 
  လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေကို ဆွဲဆန့်ပေးပါ။
 
- အလုပ်လုပ်တဲ့ ရက်တွေအတွင်း နံနက်နဲ့နေ့လည်မှာ သင့်လက်ကောက်ဝတ်နဲ့ လက်တွေအတွက် 
  လေ့ကျင့်ခန်းလုပ်ပေးပါ။
 
- ချော်မလဲအောင် ဂရုစိုက်ပါ။ ချော်လဲတဲ့အခါ လက်နဲ့ထောက်မိရင် လက်ကောက်ဝတ်မှာ ဒဏ်ရာရတတ်ပြီး 
  နောက်ပိုင်းမှာ မကြာခဏနာကျင်လာတတ်ပါတယ်။
 

ကုသမှု

 
- သင့်လက်နဲ့ လက်ကောက်ဝတ်မှာ နာကျင်နေတာဟာ ရက်အနည်းငယ်ကြာတဲ့အထိ မပျောက်နိုင်ရင် ဒါမှ
  မဟုတ် ပိုဆိုးလာရင် ဆရာဝန်ပြပါ။ သင်ဟာနာတာရှည် ရောဂါမဖြစ်ခင် ပြဿနာကို ရှာဖွေစစ်ဆေးကုသမှ 
  သာ ထိခိုက်ပျက်စီးမှုနည်းမှာ ဖြစ်ပါတယ်။
 
- ဆရာဝန်က လိုအပ်ရင် ကာယကုသမှုယူဖို့ ညွှန်ကြားပါလိမ့်မယ်။
 

ဂရုစိုက်ပါ

 
- သင့်ခန္ဓာကိုယ်က အသံကို နားထောင်ပါ။ ဘယ်လို အနေအထားက သင့်ကို သက်သောင့်သက်သာ ဖြစ်စေ 
  သလဲ၊ ဘယ်လို အနေအထားက သင့်ကို နာကျင်စေသလဲဆိုတာ ဂရုစိုက်လေ့လာပါ။
 
- သင့်ခန္ဓာကိုယ်က နာကျင်လာတဲ့အခါ ဇွတ်ပေပြီ ဆက်မလုပ်ပါနဲ့။
 
- သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ သတိရပါ။ အလုပ်လုပ်နေစဉ်အတွင်း သင့်နောက်ကျော၊ ပခုံးနဲ့ လည်ပင်းတွေ 
  ကို မကြာခဏဆွဲဆန့်ပေးပါ။
 
Ref: Good Health

17 Jul 2020     1,754 Views




RELATED

Most Popular of Health Fix

Most Popular of Life Style