BEC-TERO TV

ဆရာဝန်တွေကတောင် မျှော်လင့်ချက်မဲ့နေပြီဆိုတဲ့ တေးသံရှင် မီးမီးခဲ၏ လက်ရှိကျန်းမာရေး

23 Jul 2020     2,209 Views


ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုတော်တစ်ယောက်ဖြစ်သူ တေးသံရှင်မီးမီးခဲကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်များကတည်းက ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ မီးမီးခဲဟာ ၂၀၁၇ ခုနှစ်လောက်က ရင်သားကင်ဆာရောဂါ နောက်ဆုံးအဆင့်ကိုခံစားခဲ့ရပြီး ဆရာဝန်တွေကတောင် လက်လျှော့ခဲ့ရတဲ့အခြေအနေမှာ သူမကတော့ စိတ်အားတင်းရင်း ဝေဒနာကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး ကျန်းမာရေးပြန်လည်သက်သာကောင်းမွန်လာခဲ့ပါတယ်။

ဒါပေမယ့် မီးမီးခဲဟာ ကင်ဆာဝေဒနာရှင်ဖြစ်တာကြောင့် ဦးခေါင်းနဲ့ ညာဘက်ဦးခွံတို့မှာ ကင်ဆာဆဲလ်များထပ်မံပေါ်ခဲ့တာကြောင့် ဓာတ်ရောင်ခြည်ကုထုံးများဖြင့် ဆေးကုသမှုခံယူခဲ့ရပြန်ပါတယ်။ ယခု ၂၀၂၀ ခုနှစ်မှာလည်း ကင်ဆာဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးများကို ခံစားနေရတာကြောင့် ခြေထောက်တစ်ဖက်ကိုခွဲစိတ်ကုသခဲ့ရပြီး လမ်းလျှောက်ဖို့တောင် အဆင်မပြေတဲ့ထိ ဖြစ်ခဲ့ရပါတယ်။

မီးမီးခဲကတော့ သူမရဲ့မိသားစုနဲ့အတူ ဩစတြေးလျနိုင်ငံမှာ အခြေချနေထိုင်နေတာဖြစ်ပြီး ကင်ဆာရောဂါအတွက် ဩစတြေးလျနိုင်ငံမှ ဆရာဝန်ကြီးများနဲ့ အထူးကြပ်မတ်ကုသနေတာဖြစ်ပေမယ့် ကင်ဆာဆဲလ်တွေဟာ ရင်သားမှတစ်ဆင့် ဦးနှောက်နှင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပြီဖြစ်တာကြောင့် ကင်ဆာဝေဒနာကို ပြင်းထန်စွာခံစားနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုတော် မီးမီးခဲဟာ ကင်ဆာရောဂါတိုက်ဖျက်ရေး ကျရှုံးနေပြီဖြစ်ကာ ဩစတြေးလျမှ ဆရာဝန်ကြီးများကိုယ်တိုင်ကလည်း မျှော်လင့်ချက်မဲ့တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

"သြစတြေးလျမှာ ကင်ဆာရောဂါတိုက်ဖျက်ရေးဆုံးရှုံးနေတဲ့ ကျွန်မရဲ့ချစ်ရ‌သောဝမ်းကွဲအစ်မ မီးမီးခဲ အတွက် ကျေးဇူးပြုပြီးဆုတောင်းပေးပါ။ ဆရာဝန်တွေကလဲ မျှော်လင့်ချက်ကင်းမဲ့နေကြတယ်။ သခင်သူ့ကိုအကာအကွယ်ပေးပါစေ" လို့ မီးမီးခဲနဲ့ဆွေးမျိုးတော်စပ်သူတစ်ယောက်က သူမရဲ့လူမှုကွန်ယက်ကနေ ရေးသားအသိပေးခဲ့ပါတယ်။

ဆရာဝန်တွေကတောင် မျှော်လင့်ချက်ကင်းမဲ့နေရတဲ့ မီးမီးခဲရဲ့ကျန်းမာရေးအတွက် ချစ်ရတဲ့ပရိသတ်တွေက ဝိုင်းဝန်းပြီး ဆုတောင်းမေတ္တာများပို့သပေးကြပါဦးနော်…

(ပိုပိုလေး)


23 Jul 2020     2,209 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment