BEC-TERO TV

အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများကို ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးမည်

30 Jul 2020     1,582 Views


အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်နဲ့ အဲဒီအဖွဲ့တွေဆီ လှူဒါန်းတဲ့ငွေတွေကို ဝင်ငွေခွန်ဥပဒေအရ စရိတ်အဖြစ်နုတ်ပယ်မယ့် လုပ်ထုံးလုပ်နည်းကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးက ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ ရတဲ့ဝင်ငွေကို ဘာသာရေးနဲ့ ကုသိုလ်ရေးအတွက်ပဲ သုံးရမှာဖြစ်ပြီး အသိအမှတ်ပြုတဲ့အဖွဲ့အစည်းဖြစ်ဖို့ အခွန်ဌာန ညွှန်ကြားရေးမှူးချုပ်ဆီကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးအမြတ်မယူတဲ့အဖွဲ့တွေဟာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ်ပါနေလို့ ဒီအဖွဲ့အစည်းတွေ ဝင်ငွေခွန်ကင်းလွတ်ခွင့်ဆိုင်ရာ အဆင်ပြေချောမွေ့စေဖို့ အခုလို လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်တာလို့ ဇူလိုင် ၂၇ ရက်စွဲနဲ့ ဝန်ကြီးရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ Myanmar Tax Institute ရဲ့ ကျောင်းအုပ် ဦးမင်းလွင်ဦးက “ဒါ ကောင်းတာပေါ့ဗျာ။ အရင်ကတော့ ဒီလို အန်ဂျီအိုတွေကို ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခိုင်းခဲ့တယ်။

အခုတော့ အကျိုးအမြတ်မယူတဲ့အဖွဲ့တွေကို အခွန်ကင်းလွတ်ခွင့်ပေးတာပေါ့။ တချို့ကတော့ အတိုးနည်းနည်းနဲ့ ငွေချေးတယ်ဆိုတာမျိုးရှိတယ်ဆိုရင်တော့ ဒီထဲမှာ ပါမှာမဟုတ်ဘူး။ လုံးဝ အကျိုးအမြတ်မရှိတဲ့ အလုပ်မျိုးလုပ်တဲ့အဖွဲ့တွေအတွက် ပေးတာပေါ့” လို့ ပြောပါတယ်။ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေဆိုတာ အများပြည်သူအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အဖွဲ့အစည်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO)၊ အစိုးရမဟုတ်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (INGO)၊ ပုဂ္ဂလိကဖောင်ဒေးရှင်း၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ အလားတူ အဖွဲ့အစည်းတွေကို ဆိုလိုတာလို့ အမိန့်စာမှာ ရှင်းလင်းထားပါတယ်။

ဒီအဖွဲ့တွေအနေနဲ့ အခွန်ဌာန ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်တဲ့ ရုံးမှာ အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို လျှောက်ထားရမှာဖြစ်သလို ဝင်ငွေခွန်ဆိုင်ရာ ကင်းလွတ်ခွင့်တွေ၊ လှူဒါန်းသူတွေရဲ့ စရိတ်နုတ်ပယ်ခွင့်ဆိုင်ရာ ကိစ္စတွေအတွက် အသိအမှတ်ပြုတဲ့အဖွဲ့အစည်းအဖြစ်လည်း လျှောက်ထားရဦးမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ဒါက အဖွဲ့အစည်းတွေအတွက်ရော၊ လှူတဲ့သူတွေအတွက်ရော ထူးခြားတာပေါ့။ အဖွဲ့အစည်းတွေအနေနဲ့ အခွန်ထမ်း မှတ်ပုံတင်အမှတ် လျှောက်ထားပြီးရင် ကျနော်တို့က Pin နံပါတ် တခုပေးမယ်။ သူတို့ဟာ ဘဏ္ဍာနှစ်ကုန်ပြီး ၃ လအတွင်း ဝင်ငွေ သုံးငွေ စာရင်းရှင်းတမ်းကို တင်ပြရမှာ ဖြစ်ပါတယ်။

သူတို့လည်း အရင်ကထက် လုပ်ရတာ ပိုပြီး အဆင်ပြေမှာပေါ့။ ပိုပြီး ပွင့်လင်းလာတာပေါ့” လို့ ပြောပါတယ်။ ဒီအမိန့်ဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်ကစပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

Credit : ပိုင်စိုး

#popolay #popolaytv #news #ဝင်ငွေခွန် #ကင်းလွတ်ခွင့်


30 Jul 2020     1,582 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS