BEC-TERO TV

ပရိသတ်ကြီးနှင့်တကွ အနုပညာရှင်များအပါအဝင် အမေစုကိုပါ ဝန်ချတောင်းပန်လိုက်တဲ့ အဆိုတော်ယုန်လေး

05 Aug 2020     1,498 Views


မနေ့က ဩဂုတ်လ ၄ ရက်နေ့ကထွက်ရှိခဲ့တဲ့ ငါတို့အားလုံးရဲ့မြေ(စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းနဲ့ပတ်သက်ပြီး အဆိုတော်ယုန်လေးကတော့ ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲဝေဖန်ဆဲဆိုမှုတွေကို ခံနေရတာဖြစ်ပါတယ်။ သီချင်းထက် ​Music video ကိုပုံဖော်ရိုက်ကူးထားပုံနဲ့ပတ်သက်ပြီး ပရိသတ်တွေသာမက တစ်ချို့သောအနုပညာရှင်တွေကပါ ယုန်လေးရဲ့ဖန်တီးမှုကို ဝိုင်းဝန်းဝေဖန် ပြောဆိုကြတာတွေ့ရပါတယ်။

 

ယုန်လေးကိုယ်တိုင် ရေးစပ်ဖန်တီးပြီး အနုပညာရှင်များစွာနဲ့ သီဆိုရိုက်ကူးထားတဲ့ ထိုသီချင်းဟာ ထွက်ရှိပြီးနာရီပိုင်းမှာကတည်းက ကြည့်ရှုသူနှုန်းများပြားခဲ့ပြီး အားပေးသူတွေလည်းရှိသလို ဝေဖန်မှုတွေကလည်း အမြင့်ဆုံးထိရောက်ခဲ့တာဖြစ်ပါတယ်။ ယုန်လေးကတော့ ထိုသီချင်းဟာ အားလုံးဝိုင်းဝေဖန်နေကြသလိုမျိုးမဟုတ်ပဲ မြန်မာပြည်သားတိုင်းကို စည်လုံးစေချင်တဲ့စိတ်ဆန္ဒတစ်ခုထဲနဲ့သာ ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သို့သော်လည်း Music Video ထဲမှာပါတဲ့ တစ်ချို့သောဇာတ်ဝင်ခန်းတွေကြောင့် သီချင်းကိုဖန်တီးသူ ယုန်လေးအပြင် ပါဝင်ရိုက်ကူးပေးခဲ့ကြတဲ့ အနုပညာရှင်များပါ ပရိသတ်တွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုသီချင်းမှာပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တစ်ချို့က ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ကြပြီး ယုန်လေးကိုယ်တိုင်ကလည်း မနေ့ညက သူ့ရဲ့ဖေ့စ်ဘွတ်ကနေ တောင်ပန်စကားရေးသားခဲ့ပါတယ်။

သို့ပေမယ့် ဝေဖန်မှုတွေကဆက်လက်မြင့်တက်နေဆဲမို့ ယုန်လေးက သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ငါတို့အားလုံးရဲ့မြေ(စည်လုံးသင့်ပြီ မြန်မာပြည်) သီချင်းနဲ့ပတ်သက်လို့ Live လွှင့်ပြီးဖြေရှင်းလာတာကို​ တွေ့ရပါတယ်။ Live ထဲမှာတော့ ယုန်လေးက အားလုံးဝိုင်းဝန်းဝေဖန်နေသလိုမျိုး လုံး၀မဟုတ်ကြောင်း၊ တင်ပြချင်တဲ့ အနုပညာစိတ်ဆန္ဒ စောသွားတာဖြစ်ကြောင်း၊ ပရိသတ်ကြီးနဲ့တကွ ထိုသီချင်းမှာပါဝင်ပေးခဲ့ကြတဲ့ အနုပညာရှင်များကိုလည်း တောင်းပန်ကြောင်း၊ အနုပညာအသိုင်းအဝိုင်းမှသူများအားလုံးကိုလည်း တောင်းပန်ကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တောင်းပန်ကြောင်းပြောဆိုသွားတာ တွေ့ရပါတယ်။

သူဖန်တီးလိုက်တဲ့ အနုပညာတစ်ခုကို အားလုံးကကြိုက်နှစ်သက်ကြမယ် ထင်ခဲ့ပေမယ့် လူအများရဲ့ဝေဖန်ပြစ်တင်ခြင်းကိုသာ ခံလိုက်ရတာကြောင့် စိတ်ဓာတ်တွေလဲ ကျနေရတယ်လို့ဆိုပါတယ်။ ယုန်လေးကတော့ အားလုံးကို ဝန်ချတောင်းပန်ပြီး မနေ့ကမှထွက်ရှိထားတဲ့ ‘စည်လုံးသင့်ပြီ မြန်မာပြည်’ သီချင်းဗီဒီယိုကိုလည်း ဖျက်ပစ်လိုက်တာတွေ့ရပါတယ်။ ထိုသီချင်းဟာ တစ်ရက်အတွင်း ကြည့်ရှုသူနှုန်း ၆ သန်းကျော်တောင်ရှိခဲ့တာဖြစ်ပါတယ်။

(ပိုပိုလေး)


05 Aug 2020     1,498 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment