BEC-TERO TV

သွေးတိုးရောဂါရှင်များအတွက် အစားအသောက်

14 Aug 2020     1,330 Views


သွေးတိုးရောဂါကို ထိန်းချုပ်ဖို့အတွက် မှန်ကန်တဲ့အစားအသောက် ပုံစံဟာ အလွန်အရေးကြီးပါတယ်။ သွေးတိုးရောဂါရှင်တွေအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ အစားအသောက်ကို တစ်သက်လုံး ထိန်းချုပ် ကန့်သတ်ထားရမယ်ဆိုတာဟာ အရသာမရှိတဲ့ အစားအသောက်တွေကိုသာ အမြဲစားသောက်နေရမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
 
ဒါပေမယ့် အစားအသောက်ဆိုင်ရာမှာ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ မှန်ကန်တဲ့ ရှောင်ကြဉ်မှုဟာ သွေးတိုးရောဂါကို ထ်ိန်းချုပ်ကုသရာမှာ အောင်မြင်စေပြီး သွေးတိုးကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို ကာကွယ်နိုင်စေပါတယ်။
 

သွေးတိုးရောဂါရှင်များ စားသင့်သော အစားအသောက်များ

 
သွေးတိုးရောဂါရှင်တွေဟာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစာတွေကို စားပေးသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်လုံးညိုကို များများစားပေးပါ။ အောက်ပါ အစားအသောက်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် အထူးအကျိုးရှိတာကြောင့် စားပေးသင့်ပါတယ်။
 
• ထောပတ်သီး
• ငှက်ပျောသီး
• ပန်းဂေါ်ဖီစိမ်း
• ကညွတ်
• ဂရိတ်ဖရုသီး
• ပဲသီး
• အဆီနည်းအသား
• အဆီထုတ်ထားတဲ့ နွားနို့ ဒါမှမဟုတ် မလိုင်ဖယ်ထားတဲ့ နွားနို့
• လိမ္မော်သီး
• ဆော်လ်မွန်ငါး
• နေကြာစေ့
• ခရမ်းချဉ်သီး
 

သွေးတိုးရောဂါရှင်များ ရှောင်ကြဉ်သင့်သော အစားအသောက်များ

 
သွေးတိုးရောဂါရှင်တွေအနေနဲ့ ငန်တဲ့အစာတွေကို ရှောင်ကြဉ်သင့်တယ်ဆိုတာကိုတော့ အများသိကြပြီးသားပါ။ ဒါပေမယ့် သွေးတိုးရောဂါရှင်တွေဟာ ငန်တဲ့ အစာတွေတင်မကဘဲ တခြားရှောင်ကြဉ်သင့်တဲ့ အစာတွေရှိပါသေးတယ်။
 
ယေဘုယျအားဖြင့် သွေးတိုးရောဂါရှင်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီများတဲ့အသား၊ အဆီပါဝင်မှုများတဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆားပါဝင်မှုများတဲ့ အဆင်သင့်စားစရာအမြန်စာ (Fast Food) တွေနဲ့ အရက်ကို ရှောင်ကြဉ်ရပါမယ်။ ဆား ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် ဆိုဒီယမ်ဓာတ်ဟာ သွေးပေါင်ချိန် မြင့်တက်မှုအတွက် အဓိကတရားခံပါ။ ငန်နေတဲ့ အစားအစာတွေမှာ ဆားပါဝင်မှုများတယ်လို့ အလွယ်တကူသိနိုင်ပေမယ့် မငန်တဲ့ အဆင်သင့် စားစရာတွေမှာ ဆားပါဝင်မှုများတာကို သတိမထားမိရင် အလွယ်တကူမသိပါဘူး။
 
ဒါကြောင့် သွေးတိုးရောဂါရှင်တွေအနေနဲ့ အိမ်မှာ ဟင်းချက်တဲ့အခါ ဆားလျှော့ထည့်ရုံနဲ့ မလုံလောက်ဘဲ အဆင်သင့် စားစရာဘူးတွေ၊ အထုပ်တွေကို ဝယ်တဲ့အခါ ဆိုဒီယမ်ပါဝင်မှု ပမာဏကိုပါ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ သွေးတိုးရောဂါရှင်တွေအနေနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် စားစရာတွေကို တတ်နိုင်သမျှ ရှောင်ပြီး စားစရာတွေကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ပါ။
 

သွေးတိုးရောဂါရှင်တွေဟာ အောက်ပါအစားအသောက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

 
• ငါးပိ၊ ငါးခြောက်နဲ့ ဆားနယ်ထားတဲ့ တခြားအသားခြောက်များ
• ဆိုဒီယမ်ပါဝင်မှုများတဲ့ အဆင်သင့်စားစရာများ
• ကြက်အရေခွံ
• အမြန်စာများ
• ပြည့်ဝဆီ ဒါမှမဟုတ် ထပ်ပြန်ကြော်ဆီပါဝင်မှုများတဲ့ အစာများ
• သကြားပါဝင်မှုများတဲ့ အစာများ
 
သွေးတိုးရောဂါရှင်တွေအနေနဲ့ စားသင့်တဲ့ အစားအသောက်တွေကို စားသောက်ပြီး ရှောင်ကြဉ်တာကို ဆင်းရဲဒုက္ခလို့ မယူဆဘဲ အရသာအသစ်တွေကို စူးစမ်းရှာဖွေကြည့်နိုင်တဲ့ အခွင့်အရေးအဖြစ် ယူဆပါ။ ဟင်းချက်တဲ့အခါ ဆားမပါဘဲ အရသာရှိအောင် ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို စမ်းသပ် သုံးစွဲကြည့်ပါ။
 
ဆားလျှော့စားခါစမှာ အရသာမရှိသလို ခံစားရပေမယ့် စားရင်းနဲ့ နောက်ပိုင်းမှာ အကျင့်ဖြစ်သွားပြီး ပုံမှန်အတိုင်း စားနိုင်သွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သွေးတိုးရောဂါကို ထိန်းချုပ်ကုသမှုမှာ အောင်မြင်မှာ ဖြစ်ပြီး သွေးတိုးကြောင့် ဖြစ်နိုင်တဲ့ လေဖြတ်ခြင်းနဲ့ တခြားနောက်ဆက်တွဲ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
 
Credit:

14 Aug 2020     1,330 Views




RELATED

Most Popular of Health Fix

Most Popular of Life Style