BEC-TERO TV

ကြက်သွန်ဖြူ အစိမ်းစားခြင်းက အဆုတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်

22 Aug 2020     1,463 Views


တစ်ပါတ်လျှင် နှစ်ကြိမ်မျှ ကြက်သွန်ဖြူ အစိမ်းစားပေးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း သိရှိရပါတယ်။
 
ကြက်သွန်ဖြူ အစိမ်းစားခြင်းသည် အဆုတ် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။ တစ်ပါတ်လျှင် နှစ်ကြိမ်မျှ ကြက်သွန်ဖြူ အစိမ်းစားပေးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတွင် ပြုလုပ်သော ကျန်းမာရေးစစ်တမ်း အစီရင်ခံစားများကို အခြေခံသည့် သုတေသနပြုမှုတွင် အဆိုပါ ရလဒ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သုတေသီများသည် လူပေါင်း (၆၀၀၀) နီးပါး၏ နေထိုင်စားသောက်မှု အလေ့အထများနှင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ဆက်စပ်မှုများအပေါ် ခြေရာခံ လေ့လာခဲ့ခြင်း ဖြစ်သည်။
 
ဂျီယန်ဆူး စီရင်စုရှိ ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနမှ ပညာရှင်များသည် ကျန်းမာသန်စွမ်းသူ (၄၅၀၀) နှင့် အဆုတ်ကင်ဆာရောဂါ ခံစားနေရသူ (၁၄၂၄) ဦးတို့၏ နေ့စဉ်ဘဝ ဖြတ်သန်းခဲ့မှုများကို နှိုင်းယှဉ်ခဲ့ကြသည်။ ကြက်သွန်ဖြူ အစိမ်းစားခြင်းသည် အဆုတ်ကင်ဆာကို တားဆီးသည့် အဓိက အချက်တစ်ခု ဖြစ်သလို ဆေးလိပ်မသောက်ခြင်းသည်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို (၃၀) ရာခိုင်နှုန်းဝန်းကျင်မျှ ကျဆင်းစေနိုင်ကြောင်း ပညာရှင်များကဆိုသည်။ ယခင် တောင်ပိုင်း ဩစတြေးလျ တက္ကသိုလ်တွင်လည်း ကြက်သွန်ဖြူ စားခြင်းနှင့် ကျန်းမာရေး ကဏ္ဍတို့၏ ဆက်နွယ်မှုကို လေ့လာခဲ့ရာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို (၃၃)ရာခိုင်နှုန်းမျှ လျော့နည်းစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ဖူးသည်။
 
ယခုသုတေသန ရလဒ်ကို ကင်ဆာကာကွယ်ရေး သုတေသန ဂျာနယ်တွင် ဖော်ပြခဲ့သည်။ စိတ်ဝင်စားစရာ အချက်တစ်ခု အနေဖြင့် အပူချိန် မြင့်မြင့် ချက်ပြုတ်ရာမှ ထွက်ပေါ်လာသော ဆီခိုးဆီငွေ့များကို ပုံမှန် ရှူရှိုက်မိနေသူမျိုးသည်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သာမန်ထက် ပိုမို စိုးရိမ်ရသည် ဆိုခြင်းဖြစ်သည်။ တရုတ် သုတေသီများက ၎င်းတို့၏ တွေ့ရှိချက် မှတ်တမ်း၏ အဆုံးသတ် ကောက်ချက်တွင် ကြက်သွန်ဖြူဟာ အဆုတ်ကင်ဆာကို တားဆီးကာကွယ်တဲ့ ဓာတ်ကူပစ္စည်း တစ်ခုအနေနဲ့ တာဝန်ယူနိုင်စွမ်း ရှိပါတယ်ဟု ဖော်ပြခဲ့ကြောင်းလည်း သိရှိရသည်။
 
(ပိုပိုလေး)

22 Aug 2020     1,463 Views




RELATED

Most Popular of Health Fix

Most Popular of Life Style