BEC-TERO TV

သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး

26 Aug 2020     1,483 Views


သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။ ကိုယ်ခန္ဓာ အချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်း ကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။
 
ကျန်းမာရေး အချက်ပြမှု (၁)

နဖူးပေါ် ဝက်ခြံပေါက်လျှင်

 
တရုတ်ဆေးပညာအရ နဖူးဟာ အစာခြေစနစ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခု ကြားနေရာက အသည်းနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ သိရပါတယ်။ အယ်လ်ကိုဟောနဲ့ အဆီအအိမ့် များလွန်းတဲ့ အစာတွေကို စားသောက်တာကြောင့် ဒီနေရာတွေမှာ ယာယီ အဖုအပိမ့်တွေ ဖြစ်စေပါတယ်။ အာဟာရချို့တဲ့မှု ဖြစ်တာကြောင့် မျက်နှာ အပြစ်အနာအဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဖုအပိမ့်တွေ ပျောက်အောင် အာဟာရရှိတဲ့ အစားအသောက်တွေကို စားပြီး ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ။
 
ကျန်းမာရေး အချက်ပြမှု (၂)

ပါးပြင်ပေါ်တွင် အပြစ်အနာအဆာရှိလျှင်

 
မိတ်ကပ်အလှကုန်တွေ၊ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်သလို ဒီနေရာက အဆုတ်နဲ့ ဆက်စပ်နေတာကြောင့် ဆေးလိပ်သောက်သူ၊ ပန်းနာရင်ကျပ်ရောဂါ ရှိသူနဲ့ ဓာတ်မတည့်မှု ဝေဒနာရှင်တွေလို အသက်ရှူလမ်းကြောင်း ဝေဒနာရတာကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်တယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။
 
ကျန်းမာရေး အချက်ပြမှု (၃)

မေးစေ့နှင့် မေးရိုးတစ်လျှောက် အဖုအပိမ့်များ ရှိလျှင်

 
မေးစေ့နဲ့ မေးရိုးလိုင်းတစ်လျှောက် အဖုအပိမ့်တွေ ရှိနေတာက ဟော်မုန်း အတက်အကျကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ရာသီလာစဉ်မှာ ဖြစ်တတ်ပါတယ်။ ဒီနေရာတွေမှာ ကြာရှည် အဖုအပိမ့်ပေါက်တာက ဟော်မုန်းမညီမျှတာနဲ့ အန်ဒိုခရိုင်းဝေဒနာတို့ရဲ့ လက္ခဏာအနေနဲ့ ပြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာတာနဲ့ ကိုယ်အလေးချိန် တက်တာတို့လို တခြားလက္ခဏာတွေ ဖြစ်ပေါ်ရင် ဟော်မုန်း အတက်အကျကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။
 
ကျန်းမာရေး အချက်ပြမှု (၄)

မျက်ကွင်းညိုပြီး မျက်အိတ်ဖြစ်နေလျှင်

 
မျက်ကွင်းညိုတာနဲ့ မျက်အိတ် ဖြစ်ပေါ်တာက အများအားဖြင့် မျိုးရိုးလိုက်လို့ ဖြစ်ရတာပါ။ ဒါပေမယ့် ရုတ်တရက် ဖြစ်ပေါ်လာရင်နဲ့ သိသိသာသာ ပိုဆိုးလာရင်တော့ ကျန်းမာရေး ပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ မျက်လုံးအောက် နေရာတစ်ဝိုက်က ကျောက်ကပ်နဲ့ ဆက်စပ်နေတာကြောင့် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်တာက ရေဓာတ်ခန်းခြောက်တာနဲ့ အဆိပ်တွေ စုဆောင်းမှု ရှိနေတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့ ရေများများသောက်ပါ၊ အယ်လ်ကိုဟော၊ ကဖင်းနဲ့ ဆားကို ရှောင်ပါ။ မျက်ကွင်းညိုတာက ဗီတာမင်ဘီ ၁၂ ဒါမှမဟုတ် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
 
ကျန်းမာရေး အချက်ပြမှု (၅)

မှဲ့

 
မှဲ့တွေရှိရင် နေကာခရင်မ် မှန်မှန်လိမ်းတာ၊ နေရောင်ထဲ မထွက်ဘဲ အိမ်တွင်းအောင်းနေတာ၊ မှဲ့တွေကို မကြာခဏ စစ်ဆေးတာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ မှဲ့ ၁၀၀ ကျော်ရှိရင် အရိုးတွေ အားနည်းတတ်ပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိတယ်လို့ လန်ဒန်ကင်းကောလိပ်ရဲ့ လေ့လာမှုအရ သိရပါတယ်။
 
ကျန်းမာရေး အချက်ပြမှု (၆)

လျှာက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေလျှင်

 
တရုတ်ဆေးပညာအရ လျှာက ကျန်းမာရေးကို ဖော်ပြနေတဲ့ မြေပုံဖြစ်တာကြောင့် လျှာကို ကြည့်ပြီး ကျန်းမာရေး ချို့တဲ့မှုတွေကို သိနိုင်ပါတယ်။ သံဓာတ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီ ၁၂ တို့ ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ လျှာအနာ၊ လျှာနီတာတို့နဲ့ ဆက်စပ်နေသလို လျှာအရောင်က ဖြူဖွေးနေတတ်ပါတယ်။ လျှာက အပြာရောင် သန်းနေရင် သွေးကြောထဲ အောက်ဆီဂျင် ပြတ်လပ်တဲ့ လက္ခဏာ ဖြစ်နိုင်သလို လျှာပေါ်မှာ အဖြူရောင်အနာ ဖြစ်ပေါ်တာက မှက္ခရုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
 
ကျန်းမာရေး အချက်ပြမှု (၇)

မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေး အလွန်အမင်း ပေါက်နေလျှင်

 
မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ များလွန်းရင် အင်ဒိုခရိုင်းပြဿနာ (Endocrine Disorder) ကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များဆုံး အင်ဒိုခရိုင်း ပြဿနာက သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (PCOS) ဖြစ်ပြီး ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန် တက်တာ၊ ရာသီမမှန်တာနဲ့ အမွေးအမှင် ထူထဲတာတို့လို လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။
 
Credit:

26 Aug 2020     1,483 Views




RELATED

Most Popular of Health Fix

Most Popular of Life Style