BEC-TERO TV

ပိုးတွေ့လူနာများလာ၍ မန္တလေးမြို့ရှိ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံအား ဒုတိယစင်တာအဖြစ် အသုံးပြုရန် စတင်ပြင်ဆင်

15 Sep 2020     1,698 Views


မန္တလေးမြို့တွင် Covid-19 ပိုးတွေ့လူနာ များလာသည့်အတွက် ကန်တော်နဒီဆေးရုံဖြင့် လုံလောက်မည် မထင်သောကြောင့် လူနာများလက်ခံကုသပေးရန် ခုတင် ၃၀၀ သင်ကြားရေး ဆေးရုံကြီးကို ဒုတိယစင်တာအဖြစ် အသုံးပြုမည်ဟု သိရသည်။ "ကိုဗစ်ကိုထိန်းချုပ်ဖို့ ထောင့်ပေါင်းစုံက ကြိုးစားပြင်ဆင်နေပါတယ်။

ပြည်သူတွေညီရင် ကိုဗစ်ကို ထိန်းချုပ်နိုင်ပါတယ်။" ဟု မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က သူ၏ လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။ ဆေးရုံပြင်ဆင်မှုကို ကူညီလှူဒါန်းပေးသူများလည်းရှိပြီး မန္တလေးမြို့ကိုယ်စား ကျေးဇူးအထူး တင်ကြောင်း မြို့တော်၀န်က ရေးသားသည်။ တိုင်းအစိုးရအနေဖြင့် ဘတ်ဂျက်ငွေနည်းပါးနေပြီး ပထမလှိုင်းအတွင်း ကူညီလှူဒါန်းသည့် အလှူငွေ ၂ ဘီလီယံခန့် ရရှိထားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

"လက်ကျန်ငွေက အတော်နည်းပါးနေပြီ ကျွန်တော်တို့လည်း စိတ်ပူနေတယ်။ အလှူရှင်တွေပေါများ နေလို့သာ အလှူငွေ ၂ ဘီလီယံလောက် ရထားတယ်။ ဒါတွေကြောင့် အစိုးရစရိတ်နဲ့ ကွာရန်တင်း ထားရတာ ကျွန်တော်တို့ ခံသာနေတာ" ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ အလှူရှင်များကို ကျေးဇူးတင်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် ပိုးတွေ့လူနာ ၁၀၀ ၀န်းကျင်ရှိနေပြီဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက် နံနက် ၈ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာပေါင်း (၃၂၉၉)ဦးရှိပြီး သေဆုံးသူ (၃၂)ဦး ရှိသည်။

ဖြိုးအိ(MDN)


15 Sep 2020     1,698 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS