BEC-TERO TV

သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်း ယာယီ ဆေးရုံ၌ ရောဂါလက္ခဏာပြင်းထန်မှုမရှိသည့် ကိုဗစ်လူနာများကို ထားရှိမည်

17 Sep 2020     1,624 Views


ကိုဗစ်အတည်ပြု လူနာများထားရှိနိုင်ရန်အတွက် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမြက်ခင်းတု ဘောလုံးကွင်းတွင် ယာယီဆေးရုံ( Hospital Tent )များတည်ဆောက်လျက်ရှိနေပြီး ယာယီဆေးရုံများ၌ ရောရာလက္ခဏာပြင်းထန်မှုရှိသည့်သူများကို ခွဲခြားထားနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

သုဝဏ္ဏမြတ်ခင်းတု ဘောလုံးကွင်း၌ Hospital Tent များတည်ဆောက်မှုကို စက်တင်ဘာလ ၁၂ရက်က စတင်ခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ ၄၁၆ဦးအထိ ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ ''ယာယီဆေးရုံတွေမှာ အသက်ငယ်တဲ့သူ၊ ရောဂါလက္ခဏာ မပြတဲ့သူ၊ ပြီးလို့ရှိရင် နောက်ခံရောဂါတွေ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ဆီးချို စသဖြင့် မရှိတဲ့သူ တွေကို ရွေးပြီးတော့ ထားတာဖြစ်ပါတယ်။ သူတို့ဟာ သိပ်ပြီးတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိကြဘူး။

မရှိတဲ့အတွက်ကြောင့် သူတို့ကိုခွဲထားလိုက်ရင် အားလုံးထဲမှာပေါင်းထားပြီး ခြုံငုံပြီးတော့ ဂရုစိုက်မှု လုပ်နေရတဲ့နေရာမှာ ရောဂါအခံရှိတဲ့သူ၊ အသက်ကြီးတဲ့သူ ၊ ရောဂါပြင်းထင်တဲ့သူတွေကို အင်းပြည့်အားပြည့် ကုသမှုပေးသွားနိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။ ယာယီဆေးရုံများတွင် ထိုသို့ ရောဂါလက္ခဏာ မပြင်းထန်သည့် ကိုဗစ်လူနာများကို ထားရှိသွားမည်ဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်း အလုံအလောက်ဖြင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောင့်မှုများကို ပေးသွားရန်စီစဉ်ထားကြောင်း ယင်းကပြောသည်။

ထို့ကြောင့် သုဝဏ္ဏမြက်ခင်းတု ယာယီဆေးရုံတွင် လူနာများအတွက်ပါမက ကျန်းမာရေးဝန်းထမ်များ နှင့် စေတနာဝန်ထမ်း ၁၀၀ ဦးနေထိုင်နိုင်ရန်အတွက်လည်း စီစဉ်တည်ဆောက်ပေးထားကြောင်းသိရသည်။ သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်း ယာယီ ဆေးရုံတည်ရေး၌ အဆောက်အဦးတည်ဆောက်ရေး ၊ လိုအပ်သောပစ္စည်းများ နှင့် နေ့စဉ်နေထိုင်စားသောက်မှု ကုန်ကျစရိတ်များအတွက် ဧရာဝတီဖောင်ဒေးရှင်းက ကုန်ချခံသွားမည်ဖြစ်ပြီး ကိုဗစ်အတည်ပြုလူနာများကို ယခု စက်တင်ဘာလ တတိယအပတ်တွင်း ထားရှိနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းစောလွင်(ပြည်မြန်မာ) ၊ Photo credit


17 Sep 2020     1,624 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS