BEC-TERO TV

မောင်းသူမဲ့ဒရုန်းလေယာဉ်နှင့် ရဟတ်ယာဉ် ၁၈၈ စင်း အီရန်တော်လှန်ရေးအစောင့်တပ် လက်ခံရရှိ

25 Sep 2020     1,851 Views


အီရန်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်သည် တိုက်ခိုက်ရေးမောင်းသူမဲ့ ဒရုန်းလေယာဉ်နှင့် ရဟတ်ယာဉ် အစင်းပေါင်း ၁၈၈ စင်းကို ယနေ့ လက်ခံ ရရှိကြောင်း အီရန်အခြေစိုက် တာစနိမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။ အဆိုပါ မောင်းသူမဲ့ဒရုန်းလေယာဉ်များတွင် စစ်ဆင်ရေးပြုလုပ်နေစဉ် ရေတပ်ဆိုင်ရာ ပုံသေနှင့် ရွှေ့လျားပစ်မှတ်များကို ကောင်းကင်ဓာတ်ပုံဖြင့် ရိုက်ကူးနိုင်စွမ်းရှိသော မောင်းသူမဲ့ဒရုန်းလေယာဉ်သစ်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အီရန်တော်လှန်ရေးအစောင့်တပ်၏ သင်္ဘောအုပ်စုတွင် ပါဝင်သော အခြားမောင်းသူမဲ့ ဒရုန်းလေယာဉ်မှာ မိုဟာဂျာ-၆ ဟုအမည်ပေးထား ပြီး မည်သည့်ရာသီဥတုမျိုးတွင်မဆို မောင်းသူမပါဘဲ အကွာအဝေး ကီလိုမီတာ ၂၀၀ အထိ အလိုအလျောက် ပျံသန်းနိုင်စွမ်းရှိသည်။ အီရန်နည်းပညာရှင်များသည် အဆိုပါ မောင်းသူမဲ့ဒရုန်းလေယာဉ်ကို ဒုံးကျည်လေးစင်းတင်ဆောင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။

ထို့အပြင် အီရန်တော်လှန်ရေးအစောင့်တပ်သည် ဆာပက်ရေဒါသုံးခု၊ ရှာဟတ်ဒုံးကျည်တစ်စင်းနှင့် ဒေါင်လိုက်ဖြင့် ထွက်ခွာပျံသန်းပြီး ဆင်းသက် နိုင်စွမ်းရှိသည့် မောင်းသူမဲ့ဒရုန်းလေယာဉ်ကိုလည်း ယင်းနေ့မှာပင် လက်ခံရရှိ ခဲ့ကြောင်း သိရသည်။ အီရန်တော်လှန်ရေးအစောင့်တပ်၏ စစ်လက်နက်သစ် များတွင် ကုန်း၊ ရေနှစ်သွယ်သုံး ရဟတ်ယာဉ်နှစ်စင်းနှင့် ဒုံးကျည်တပ်ဆင်ထား သော တိုက်ခိုက်ရေးရဟတ်ယာဉ်လေးစင်းတို့ ပါဝင်သည်။

ယခုအခါ အီရန်တော်လှန်ရေးအစောင့်တပ်သည် စစ်ဆင်ရေးအားလုံးကို ပြည်တွင်းဖြစ် မောင်းသူမဲ့ဒရုန်းလေယာဉ်များဖြင့် လုပ်ဆောင်လာပြီဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်၏ ရေတပ်မှ တပ်မှူး အာလီရီဇာတန်ဆီရီက နိုင်ငံ၏တောင်ဘက် ဘာန်ဒါအာဘတ်စ်ဆိပ်ကမ်းမြို့တွင် ပြုလုပ်သော စစ်လက် နက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ဂျေတီ The Mirror


25 Sep 2020     1,851 Views




RELATED

Most Popular of International News

Most Popular of NEWS