အသံထက်မြန်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ရုရှားစမ်းသပ် အောင်မြင်
08 Oct 2020 1,507 Views

အသံထက်မြန်တဲ့ ပဲ့ထိန်းတပ် ခရုစ် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားနိုင်ငံ မြောက်ဘက်ကမ်းလွန်ပင်လယ်ပြင်ထဲကနေ အောင်အောင် မြင်မြင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ရုရှားသမ္မတ Vladimir Putin ကလည်း ဒါဟာ နိုင်ငံအတွက် မဟာ ဖြစ်ရပ်ကြီးတစ်ခုလို့ ခေါ်ဆိုလိုက်ပါတယ်။
Tsirkon လို့ ခေါ်တဲ့ မြန်နှုန်းမြင့် ဒုံးကျည်ကို အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ အင်္ဂါနေ့က Barents ပင်လယ် အဝ White Sea ပင်လယ်ဖြူကမ်းအဝင်မှာရှိတဲ့ Admiral Groshkov ဖရီးဂိတ် စစ်သင်္ဘောပေါ် ကနေ ဒီ ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့တာလို့လည်း မနေ့က သမ္မတ Putin နဲ့ ဗီဒီယိုကနေတဆင့် ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရုရှား စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး Valery Gerasimov ကပြောပါတယ်။
အသံထက် ၈ ဆကျော်ပိုမြန်တဲ့ဒီ မြန်နှုန်းမြင့် ပဲ့ထိန်းတပ်ဒုံးကျည်က Barents ပင်လယ်ထဲ ကီလိုမီတာ ၄၅၀ အကွာအဝေးက ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း၊ ပင်လယ်ထဲကပစ်မှတ်ကို ပထမဆုံး အကြိမ် အောင်အောင်မြင်မြင်ထိမှန်တာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Gerasimov က ပြောပါတယ်။
ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာနေချိန် အမေရိကန်တို့နဲ့ လက်နက်ချင်း ယှဉ်ပြိုင်ရာမှာ အသာစီးရနိုင်ဖို့ ခေတ်လွန် လက်နက်သစ်တွေ တီထွင်ဖို့ နှစ်ကာလရှည် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ အသံထက်မြန်တဲ့ Tsirkon ခရုစ်ဒုံးကျည်ကို စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုဖို့ စီစဉ်ထားတယ်လို့လည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပြောပါတယ်။
VOA