BEC-TERO TV

အိန္ဒိယပို့ကုန် မတ်ပဲ၊ ပဲစင်းငုံ နှင့် ကုလားပဲများ ဝယ်လိုအားကောင်းမွန်လာ၍ (၃) နှစ်အတွင်း စံချိန်တင် အမြင့်ဆုံးစျေးနှုန်းများဖြင့် အရောင်းသွက်

09 Oct 2020     1,742 Views


အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ကုန် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲများ ဝယ်လိုအားကောင်းမွန်လာမှုကြောင့် ယခု ရက်ပိုင်းတွင် မန္တလေးပဲစျေးကွက်၌ စျေးနှုန်းများ သိသာစွာမြင့်တက်ကာ (၃) နှစ်အတွင်း စံချိန်တင်အမြင့်ဆုံးစျေးနှုန်းများဖြင့် အရောင်းသွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

အဆိုပါ ပဲအမျိုးအစားများမှာ မန္တလေးအွန်လိုင်းစျေးကွက်၌ ယခင် စက်တင်ဘာလဆန်းပိုင်းက မတ်ပဲ စျေးနှုန်းမှာ (၃) တင်းဝင်တစ်အိတ်လျှင် ငွေကျပ် (၉၅၀၀၀) နှုန်း၊ ပဲစင်းငုံ (၃) တင်းဝင် တစ်အိတ်လျှင် ငွေကျပ် (၇၀၀၀၀) နှုန်း၊ ကုလားပဲဖြူကြီးမှာလည်း (၃) တင်းဝင် တစ်အိတ်လျှင် ငွေကျပ် (၇၅၀၀၀) နှုန်းသို့ ကျဆင်း လျက်ရှိနေရာမှ စက်တင်ဘာလလယ်ပိုင်းမှ စတင်၍ စျေးနှုန်းများ သိသာစွာမြင့်တက်ကာ ယခု အောက်တိုဘာ (၈) ရက်တွင် မတ်ပဲမှာ ငွေကျပ် (၁၁၂၀၀၀) နှုန်း၊ ပဲစင်းငုံမှာ ငွေကျပ် (၈၈၀၀၀) နှုန်း၊ ကုလားပဲဖြူကြီးမှာ (၉၅၀၀၀) နှုန်းတို့ဖြင့် အမြင့်ဆုံးစျေးနှုန်းများသို့ ရောက်ရှိကာ အရောင်းသွက်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

“ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ မြန်မာထွက်ကုန်ပဲတွေကို တရုတ်နိုင်ငံက အဓိက ဝယ်လက်အဖြစ် ဝယ်ယူနေပေမယ့် စက်တင်ဘာလဆန်းကစပြီး ပဲအားလုံးရဲ့စျေးတွေ ကျဆင်းလာပြီး အရောင်းအဝယ်တွေလည်း ထိုင်းမှိုင်းလာတယ်။ ဒီလိုအချိန်မှာ အိန္ဒိယ နိုင်ငံက မတ်ပဲကို တန်ချိန် တစ်သိန်းခွဲ ထပ်မံဝယ်ယူမှုတွေရှိလာတဲ့အပြင် ကျန်တဲ့ ပဲစင်းငုံနဲ့ ကုလားပဲတွေကိုလည်း ဝယ်ယူဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလိုစျေးတွေမြင့်တက်လာတာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိကာလတွင် မန္တလေးကုန်စည်ဒိုင်အား Covid-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ယာယီ ပိတ်ထားသော်လည်း အွန်လိုင်း ဖြင့်ချိတ်ဆက်ကာ အရောင်းအဝယ်များ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းနှင့် အဆိုပါ မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲသီးနှံများမှာ ဆောင်းသီးနှံဖြစ်သည့်အတွက် လာမည့် သီတင်းကျွတ်ကာလတွင် စတင်စိုက်ပျိုးနိုင်ရန် တောင်သူများ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ref : မင်းထက်အောင်(မန်းကိုယ်ပွား)


09 Oct 2020     1,742 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS