တောင်ကိုရီးယားမှာ ၃၃ ထပ်တိုက်တစ်လုံး မီးလောင်လို့ လူ ၈၀ ကျော် ဆေးရုံရောက်
09 Oct 2020 1,851 Views

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း အူဆန်မြို့မှာ ၃၃ ထပ်တိုက်တစ်လုံး မီးလောင်ကျွမ်းခဲ့လို့ လူရာချီကို ရွှေ့ပြောင်းပေးခဲ့ရပြီး လူ ၈၀ ကျော်ကို ဆေးရုံပို့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီအချိန်က ၁၂ ထပ်မှာ မီးစတင်လောင်ကျွမ်းပြီး လေပြင်းတိုက်ခတ်နေလို့ အချိန်တိုအတွင်း မီးကူးစက်သွားခဲ့တာလို့ အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။
အဲဒီမီးလောင်ကျွမ်းမှုကို သောကြာနေ့နံနက်ပိုင်းရောက်မှ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တာပါ။ လူနေတိုက်ခန်းနဲ့ ဈေးဆိုင် ၁၂၀ နီးပါး ပါဝင်တဲ့ Samhwan Art Nouveau တာဝါရဲ့ အပြင်ဘက်အကာအရံတွေကြောင့် အချိန်တိုအတွင်း မီးကူးစက်သွားခဲ့တာလို့ မျက်မြင်သက်သေတစ်ယောက်က ပြောပါတယ်။ မီးလောင်ရခြင်းအကြောင်းရင်းကိုတော့ အာဏာပိုင်တွေက အတည်ပြုခြင်းမရှိသေးပါဘူး။
Ref: BBC " Fire 'continues to burn' at South Korea tower block






