BEC-TERO TV

ကိုဗစ် ပြည်တွင်း ကူးစက်မှု မကျသေးပေမယ့် အထည်ချုပ်တွေ ပြန်ဖွင့်ပြီ

12 Oct 2020     1,585 Views


ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် လက်ခစား အထည်ချုပ်လုပ်ငန်းနဲ့ အသေးစား အလတ်စားလုပ်ငန်းတွေ ဟာ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မှာ ပြန်ဖွင့်နိုင်ပါပြီ။ ရန်ကုန်မှာ ကိုဗစ်ပိုးတွေ့ရှိရတဲ့ လူအရေအတွက်က ကျဆင်းသွားတာမျိုးမရှိသေးဘဲ တစ်နေ့ကို ပိုးတွေ့ရသူ အသစ် ၂,၀၀၀ ဝန်းကျင်နဲ့ စံချိန်တင်တိုးနေတဲ့ ဒီလိုကာလမှာ စက်ရုံ အလုပ်ရုံတွေ ပြန်ဖွင့်ဖို့ ညွှန်ကြားချက်ဟာ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ ရုတ်တရက် ထွက်လာတာလည်းဖြစ်ပါတယ်။

ရန်ကုန်မှာ အထည်ချုပ် စက်ရုံလုပ်သား ၅ သိန်းလောက် ရှိပြီး ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး အတွက် အလုပ်သမားတွေကို လုပ်ငန်းခွင်တွေဆီ မသွားဖို့ အမိန့်ထုတ်ခဲ့တာ သီတင်းပတ် သုံးပတ်ပြည့်လာချိန်မှာ အခြေခံလူတန်းစားအများစုဟာ စားဝတ်နေရေးအခက်အခဲကို ဆက်တောင့်မခံနိုင်ကြတော့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခု ပြန်ဖွင့်ခွင့် ပြုတာကလည်း အစိုးရဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ရေး ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာမှသာ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေ ပြန်ဖွင့်ခွင့်ရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက စိစစ် ပြီး သတ်မှတ်ချက် A အဆင့်ရမှာသာ ပြန်ဖွင့်ခွင့်ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။

ဘီဘီစီ

Photo - Ye Myo Khant / MPA


12 Oct 2020     1,585 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS