BEC-TERO TV

မြောက်ကိုရီးယား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးအသစ် ထုတ်ပြခဲ့

13 Oct 2020     1,639 Views


မြောက်ကိုရီးယားနိုင်ငံဟာ စနေနေ့က ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲမှာ အိုင်စီဘီအမ်လို့ အတိုကောက်ခေါ်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံး အသစ်တစ်လုံးကို ထုတ်ပြလိုက်ပါတယ်။ အဲဒီ စစ်ရေးပြပွဲကို အာဏာရ အလုပ်သမားပါတီ တည်ထောင်တာ ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တာပါ။

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးအသစ်ကို ၂၂ ဘီးတပ် ကားကြီးနဲ့ သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သူတို့နိုင်ငံအနေနဲ့ ဘယ်နေရာကိုမဆို သယ်ဆောင်ပစ်ခတ်နိုင်တဲ့ အိုင်စီဘီအမ်ကို ပိုင်ဆိုင်ထားပြီလို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဒီ အိုင်စီဘီအမ်အသစ်ဟာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာတောင် မြောက်ကိုရီးယားက စစ်လက်နက် အင်အားတိုးချဲ့မှုတွေ ဆက်လုပ်နေတာကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။

ခေါင်းဆောင်ကင် က မြောက်ကိုရီးယားအနေနဲ့ ကာကွယ်ရေး အင်အား တိုးချဲ့တာကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပြီး “ကျွန်တော်တို့ရဲ့ ကာကွယ်ရေး လက်နက်တွေဟာ လွတ်လပ်ရေးကို ကာကွယ်ဖို့၊ နိုင်ငံ တည်ရှိနေမှုကို ကာကွယ်ဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးကို စောင့်ရှောက်ဖို့ ရည်ရွယ်ပါတယ်။ လက်ဦးမှုရယူတိုက်ခိုက်တာမျိုး အပါအဝင် ဘယ်လို အလွဲသုံးမှုမျိုးကိုမှ လုပ်သွားမှာ မဟုတ်ပါဘူး”လို့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ ပြုံးယမ်းမြို့ ကင်ဂျုံအီ ရင်ပြင်မှာ ပြောကြားခဲ့တဲ့ အဲဒီ မိန့်ခွန်းမှာ ခေါင်းဆောင်ကင် က တောင်ကိုရီးယားနဲ့ ပြန်ပြီးလက်တွဲနိုင်မယ့်နေ့တွေ ရောက်လာဖို့ မျှော်လင့်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Source – AP One


13 Oct 2020     1,639 Views




RELATED

Most Popular of International News

Most Popular of NEWS