BEC-TERO TV

ခြောက်သွေ့သော အသားအရေ အတွက် မျက်နှာပေါင်းတင်နည်း

01 Nov 2020     1,753 Views


Popolay ချစ်ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ ခြောက်သွေ့တဲ့အသားအရေကိုနူးညံ့စိုပြေစေတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေ ပြောပြပေးမှာပါ။ ထုံးစံအတိုင်း သဘာဝက ရတဲ့ အဖိုးတန်အာဟာရတွေနဲ့ပေါ့။ အရမ်းလွယ်တဲ့နည်းလေးတွေပဲ ရှာထားပေးတာမို့ လုပ်ကြည့်ပါအုံးနော်။
 

-  ရှားစောင်းလက်ပတ် နဲ့ သခွားသီး 

 
ပထမဦးဆုံး သခွားသီး (တစ်ခြမ်း) ကိုအခွံခွာပြီး အစေ့ကလေးတွေကို ဖယ်လိုက်နော်။ ပြီးရင် အစိတ်ကလေးတွေ လှီးလိုက်ပြီး ရှားစောင်းလက်ပတ် ဂျယ်လ်နဲ့အတူ မွှေစက်ထဲထည့်မွှေလိုက်ပါ။ ရလာတဲ့ အနှစ်လေးကို မျက်နှာအနှံ့ ညင်သာစွာလိမ်းပေးပြီး နာရီဝက်ကြာရင် ရေအေးအေးလေးနဲ့ ဆေးလိုက်ရုံပါပဲ။ ရှားစောင်းလက်ပတ်ကြောင့်ချောမွေ့ပြီး သခွားသီးကြောင့် ရေဓာတ်ပြည့်ဝကာ စိုပြေလန်းဆန်းနေတဲ့ အသားအရေကို ရရှိပါလိမ့်မယ်။ 
 

- ပျားရည် နဲ့ နွားနို့

 
နွားနို့ လ္ဘက်ရည်ဇွန်း တစ်ဇွန်း + ပျားရည်တစ်ဇွန်း + ရှားစောင်းလက်ပတ်ဂျယ်လ်တစ်ဇွန်း + vit E လေးစက်ခန့်ကို သေချာသမအောင်ရောပြီး မျက်နှာပေါ်မှာ လိမ်းပါ။ ၁၅ မိနစ် ပြည့်ရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ အံ့သြလောက်အောင် နူးညံ့သွားတဲ့ အသားအရေကို တွေ့ရပါလိမ့်မယ်နော်။
 

-  ထောပတ်သီး + သံလွင်ဆီ

 
ထောပတ်သီး (တစ်ဝက်) ကို အခွံခွာပြီး ကြိတ်ချေလိုက်ပါ။ ပြီးတော့ သံလွင်ဆီ အနည်းငယ်နဲ့ အရည်ပျစ်ပျစ်လေးရတဲ့အထိ မွှေပေးနော်။ မွှေစက်ထဲ ထည့်မွှေလိုက်ရင် အကောင်းဆုံးပေါ့။ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး ရေအေးနဲ့ ဆေးပေးပါ။ နောက်ဆုံးမှာ moisturizer လိမ်းပေးလိုက်ရင်တော့ သူငယ်ချင်းရဲ့ မျက်နှာအစိုဓာတ်ကို ပိုမိုထိန်းပေးနိုင်ပါလိမ့်မယ်။
 

- ထောပတ်သီး + ဖရဲသီး + ပျားရည်

 
ထောပတ်သီး (တစ်ဝက်) နဲ့ ဖရဲသီးအနည်းငယ်ကို သေးသေးလေးတွေ ဖြစ်အောင် လှီးနော်။ ပြီးရင် ပျားရည်နဲ့ရောပြီး မွှေစက်ထဲထည့်မွှေပါ။ ရလာတဲ့အရည်နှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် ၃၀ ထားပါ။ ဒီနည်းလေးက မျက်နှာပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးတယ်လေ။
 

-  ထောပတ် + သရက်သီး + ကြက်ဥအနှစ်

 
ထောပတ် နဲ့ သရက်သီးမှာပါတဲ့ vit A က နေလောင်ခံထားရတဲ့ အသားအရေတွေကို အကောင်းဆုံး ပြန်လည်ပြုပြင်ပေးနိုင်တယ်တဲ့ သိလား...?
 
ပြုလုပ်ပုံက - သရက်သီးအမှည့်တစ်ဝက်ကို အခွံနွှာပြီး အစိတ်သေးသေးလေးတွေဖြစ်အောင် လှီးနော်။ ပြီးရင် ထောပတ်နဲ့ ကြက်ဥအနှစ်ကိုပါ ပေါင်းပြီး မွှေစက်ထဲ ထည့်မွှေ၊ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။ အချိန်ပြည့်ရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်နော်။ အသားအရေခြောက်သွေ့နေတာလည်း စိုပြေသွားမယ့်အပြင် နေလောင်ထားတာတွေလည်း သက်သာသွားဦးမှာပါ။
 
(ပိုပိုလေး)

01 Nov 2020     1,753 Views




RELATED

Most Popular of Health Fix

Most Popular of Life Style