BEC-TERO TV

ကိုဗစ်-၁၉ အခြေခံလူတန်းစားများ အလုပ်အကိုင်ရှားပြီး စားဝတ်နေရေး ခက်ခဲ

02 Nov 2020     1,614 Views


ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကြာလာတာနဲ့အတူ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်ပိုရှားပါးလာပြီး စားဝတ်နေရေးအခက်အခဲရှိလာတယ်လို့ သိရပါတယ်။ အနှေးယာဉ်လုပ်သားတွေဟာ ကိုဗစ် မဖြစ်ခင်က တစ်ရက်ကို ပုံမှန်ဝင်ငွေ ကိုးထောင်၊ တစ်သောင်းအထိ ရှာနိုင်ပေမယ့် အခုအချိန်မှာတော့ သုံး၊ လေးထောင်လောက်ပဲ ရှာနိုင်တာကြောင့် တစ်ပတ်ကို အသားဟင်းတခွက်စားရဖို့တောင် အခက်အခဲရှိလာတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အနှေးယာဉ်လုပ်သားတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းအထိ ကိုဗစ်-၁၉ တည်ပြုလူနာပေါင်း ၅ သောင်းကျော် ရှိနေပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်ကို stay at home သတ်မှတ်ထားသလို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အမိန့်ကြေညာချက်နဲ့ ညွှန်ကြားချက်တွေကိုလည်း နိုဝင်ဘာလ ကုန်အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ဒီအခြေအနေတွေကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ တက္ကစီတွေလည်း ဈေးဦးမပေါက်တဲ့ ရက်တွေ ရှိလာတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ အသီးအနှံရောင်းသူတွေတွေလည်း အရင်ကရောင်းနိုင်တဲ့ ပမာဏရဲ့ ထက်ဝက်လောက်သာ ရောင်းအားရှိပြီး လူတွေက အရင်တုန်းကလောက် အပြင်မထွက်တော့တာကြောင့် အရောင်းအဝယ်ပါးတယ်လို့ ပြောပါတယ်။

ကိုဗစ်ပထမလှိုင်းဖြစ်တုန်းက အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို စာရင်းကောက်ပြီး အခြေခံစားသောက်ကုန် ၅ မျိုးကူညီခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အစိုးရက ငွေကြေးထောက်ပံ့မှုတချို့ပြုလုပ်ခဲ့ပေမယ့် အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်မဲ့ ပမာဏတော့ မဟုတ်ခဲ့ပါဘူး။

သတင်း - အိသဇင်ခိုင်

DVB


02 Nov 2020     1,614 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS