BEC-TERO TV

ကာမိုင်းမြို့၊ နောင်းမီကျေးရွာ၌ ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်

04 Nov 2020     2,279 Views


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နောင်းမီကျေးရွာ၌ ယမန်နေ့၊ နံနက် (၁၀) နာရီခွဲတွင် ဆိုလာပြားနှင့် ဘတ္ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး လူနေအိမ်အပေါ်ထပ် တစ်ထပ် မီးလောင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နောင်းမီကျေးရွာ၊ ရပ်ကွက် (၄)ရှိ ဦးလမိုင်ယော်၊ အသက် (၄၁) နှစ်၏ နေအိမ် မီးဖိုချောင်ခေါင်မိုးပေါ်တွင် တင်ထားသည့် ဆိုလာပြားနှင့် ဘတ္ထရီ အားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး အနီးရှိထရံသို့ မီးစတင်ကူးစက် လောင်ကျွမ်းခဲ့ရာ နေအိမ်အပေါ်ထပ် တစ်ထပ် မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုအား ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်၊ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးမြတ်အောင် နှင့် တပ်ဖွဲ့ဝင်များ၊ နောင်းမီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ကြသည်။ မီးလောင်မှုကြောင့် ငွေကျပ် ခုနှစ်သိန်း ငါးသောင်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များထိခိုက်မှု မရှိကြောင်း ကာမိုင်းမြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမျိုးမြတ်အောင်ထံမှ သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)


04 Nov 2020     2,279 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS