BEC-TERO TV

Insomnia ရောဂါ

07 Nov 2020     1,402 Views


လူတစ်ယောက်ဟာ လုံလောက်တဲ့အိပ်စက်ချိန်ရှိပေမယ့် စတင်အိပ်ပျော်ဖို့ခက်ခဲပြီး အိပ်ပျော်သွားခဲ့ပြီးရင်လည်း ညဘက်မှာ ခဏခဏနိုးနေတတ်တာ၊ မိမိအိပ်ရာကထဖို့ ရည်ရွယ်ထားတဲ့အချိန်ထက်စောပြီး နိုးနေမယ်။ ဒါ့အပြင် ညဘက်အိပ်ရပေမယ့် နိုးထလာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်နေမယ်။ ညတုန်းက ကောင်းမွန်စွာမအိပ်စက်ခဲ့ရဘူးလို့ ခံစားရမယ်။ နေ့လယ်ဘက်မှာလည်း နုံးနေပြီး အိပ်ငိုက်နေမယ်ဆိုရင် Insomnia လို့ခေါ်တဲ့ နှစ်ခြိုက်စွာအိပ်မပျော်တဲ့ရောဂါ ခံစားနေရပြီဆိုတာ သေချာပါတယ်။
 
 
အဲဒီရောဂါခံစားရတဲ့အခြေအနေဟာ ခဏတာ (acute) ဖြစ်နိုင်သလို နာတာရှည် (Chronic) လည်း ဖြစ်သွားနိုင်ပါတယ်။ အိပ်မပျော်တဲ့အခြေအနေဟာ တစ်ညကနေ ရက်သတ္တပါတ် အနည်းငယ်လောက်ပဲ ကြာမြင့်ရင် Acute Insomnia ဖြစ်ပြီး တစ်ပါတ်ကို အနည်းဆုံး သုံးညလောက် အိပ်မပျော်ဖြစ်တာ သုံးလနဲ့အထက် ဖြစ်လာပြီဆိုရင် နာတာရှည်အိပ်မပျော်တဲ့ရောဂါ (Chronic Insomnia) ခံစားနေရပြီဆိုတာပါပဲ။
 

Primary Insomnia ရောဂါကိုဖြစ်စေတဲ့ အချက်တွေကတော့....

ဘဝပြဿနာတွေနဲ့ ဆက်စပ်နေတဲ့ စိတ်ဖိစီးမှုတွေ (ဥပမာ - ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေ သေဆုံးသွားတာ၊ စာမေးပွဲကျတာ)၊ ကိုယ့်ပတ်ဝန်းကျင်အခြေအနေ (ဥပမာ ဆူညံလွန်းတာ၊ အရမ်းပူလွန်းအေးလွန်းတာ)၊ အိပ်စက်ခြင်းပုံစံပြောင်းလဲတာ (ဥပမာ - အလုပ်မှာ ညဂျူတီတွေ ခဏခဏဆင်းရတာ)၊ ညဘက် ဆီးခဏခဏသွားတာ၊ ကျယ်လောင်စွာဟောက်တတ်တဲ့သူနဲ့ အတူအိပ်ရတာ၊ အချိန်မတူညီတဲ့ အရပ်ဒေသတွေကို လှည့်လည်သွားလာနေရသူတွေတို့ ဖြစ်ပါတယ်။
 

Secondary Insomnia ကိုဖြစ်စေတဲ့အရာများ....

Secondary Insomnia ရောဂါကိုဖြစ်စေတဲ့ အချက်တွေကတော့ များပြားလှပါတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ Bipolar Disease (စိတ်ကြွခြင်းနဲ့ စိတ်ကျခြင်း တစ်လှည့်စီဖြစ်နေတတ်တဲ့ရောဂါ)၊ Depression (စိတ်ကျရောဂါ)၊ Anxiety disorder (စိတ်ပူပန်မှုများတဲ့ရောဂါ) များခံစားနေရတဲ့ လူနာတွေ၊ Hyperthoroidism (သိုင်းရွိုက်ဟော်မုန်းများပြားတဲ့ရောဂါ) နဲ့ တခြားဟော်မုန်းဆိုင်ရာပြဿနာတွေကို ခံစားနေရတဲ့လူနာတွေ၊ နာတာရှည်မောပန်းနွမ်းနယ်ခြင်းရောဂါ၊ နာတာရှည်နှလုံးရောဂါ၊ အစာအိမ်အချဉ်ပြန်ရောဂါ (Acid – reflux disease) ၊ ရင်ကျပ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ အဆစ်အမျက်ကိုက်ခဲတဲ့ရောဂါ၊ အိပ်နေစဉ် အသက်ရှူရပ်သွားတတ်တဲ့ ရောဂါ (Sleep apnea)၊ အိပ်ပျော်နေစဉ် ခြေထောက်ခဏခဏလှုပ်တဲ့ရောဂါ (Restless leg syndrome)၊ ကင်ဆာရောဂါနဲ့ လေဖြတ်ထားတဲ့လူနာတွေဟာ Secondary Insomnia ရောဂါကို ခံစားရနိုင်ပါတယ်။ အဲဒီရောဂါဟာ မျိုးရိုးလိုက်နိုင်သလို ကိုယ်ဝန်သည်တွေလည်း ခံစားကောင်း ခံစားရနိုင်ပါတယ်။
 
Insomnia ရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ Insomnia ရောဂါခံစားနေရတဲ့သူများဟာ ၎င်းတို့ရဲ့လုပ်ငန်းဆောင်တာလုပ်ဆောင်မှုတွေမှာ နှေးကွေးလာပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် တိုးတာနဲ့ လုံလောက်စွာ အိပ်စက်မှုမရရှိတာက တိုက်ရိုက်ဆက်စပ်မှုရှိချင်မှ ရှိမယ်လို့ ဆိုပေမယ့် နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့များပြားလှစွာသော လေ့လာမှုတွေကတော့ အဝလွန်တာနဲ့ ကောင်းမွန်စွာ မအိပ်စက်ရတာဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုတဲ့အတွက် အဲဒီရောဂါခံစားနေရတဲ့သူတွေဟာ အဝလွန်တာကို ခံစားရနိုင်ပါတယ်။
 
အိပ်စက်တဲ့ပုံစံတွေက အစာစားချင်စိတ်နဲ့ ဆိုင်တဲ့ ဟော်မုန်းတွေပေါ်မှာ သက်ရောက်မှုရှိတဲ့အတွက် လုံလောက်စွာကြာရှည်မအိပ်စက်ရရင် အစာစားချင်စိတ်ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်တွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကယ်လိုရီပမာဏပိုမိုစားသောက်မိတတ်ပါတယ်။ ဒါ့အပြင်ညဘက်မှာ နှစ်ခြိုက်စွာအိပ်စက်ရရင် ခန္ဓာကိုယ်ရဲ့ သွေးဖိအားကို ပုံမှန်ထိန်းသိမ်းနိုင်ပြီး နှလုံးကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေတဲ့အတွက် Insomnia ရောဂါခံစားရရင် နှလုံးရောဂါဖြစ်နိုင်ခြေများပြားပါတယ်။
 
 
အိပ်စက်ခြင်းဟာ လူတွေရဲ့ စိတ်ခံစားမှုနဲ့ လူမှုရေးနဲ့ပတ်သက်တဲ့ စွမ်းရည်တွေနဲ့ ဆက်စပ်မှုရှိပြီး နှစ်ခြိုက်စွာမအိပ်စက်ရတဲ့ လူတစ်ယောက် တခြားသူတွေရဲ့ စိတ်ခံစားမှုနဲ့ စိတ်အခြေအနေကို သိရှိနိုင်စွမ်းနည်းသလို စိတ်ဓာတ်ကျတာကိုလည်း ခံစားရနိုင်ပါတယ်။
 
နှစ်ခြိုက်စွာအိပ်ရတာဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အတွက် ညဘက်မှာ ကောင်းမွန်စွာ မအိပ်ရတဲ့သူ (Insomnia ရောဂါခံစားရတဲ့သူ) ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဟာ လျော့ကျနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်အားနည်းလာတာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်အားနည်းလာတာ၊ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်နိုင်စွမ်းအား နည်းလာတာနဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေဆိုတဲ့ ဆိုးကျိုးတွေကို Insomnia ရောဂါသည်တွေဟာ ခံစားလာရပါတယ်။
 
Credit:
 

07 Nov 2020     1,402 Views




RELATED

Most Popular of Health Fix

Most Popular of Life Style