BEC-TERO TV

နောင်တစ်ချိန် နှလုံးရောဂါမဖြစ်စေဖို့

18 Nov 2020     1,863 Views


နှလုံးရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် မွေးကတည်းက ပါလာတဲ့ နုလုံးရောဂါ မဟုတ်ရင် နောင်တစ်ချိန် နှလုံးနဲ့ သွေးကြောရောဂါ မဖြစ်အောင် ကာကွယ်နိုင်၊ လျှော့ချနိုင်ပါတယ်။ 
 
အသက် ငယ်ရွယ်စဉ်ကတည်းက နှလုံးရောဂါ ဖြစ်ပွားမှုကို တားပေးမယ့် အစားအသောက်တွေ စားတာ၊  နေထိုင်မှုပုံစံဆင်ခြင်မယ်ဆိုရင် နောင်တစ်ချိန် အသက်ကြီးလာရင် နှလုံးရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရာ ရောက်စေပါတယ်။
 
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြီးဟာ ဘာမှမဟုတ်တာ မလုပ်ရင်တောင် အသက် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ၊ ကြံ့ခိုင်စွမ်းအားတွေက ကျလာတတ်ပြီး ပျက်စီးယိုယွင်းလာပါတယ်။ အိုနာသေကို အံတုလို့မရပေမယ့် အချိန်မတိုင်ခင် ပျက်စီးတာ ကိုတော့ ကျွန်မတို့ စွမ်းသလောက် ဟန့်တားရပါမယ်။ လူတိုင်းနီးပါး အသက်ရှည် ကျန်းမာချင်ကြသူတွေ ဖြစ်ပါတယ်။
 
တချို့ကတော့ ကျန်းမာစေတဲ့ နည်းလမ်းတွေကို မသိတာကြောင့် ဖြစ်သလို နေထိုင်စားသောက်ကြတတ်ပြီး၊ တချို့ကျတော့လည်း သိလျက်နဲ့ မလိုက်နာနိုင်ကြတာ ရှိပါတယ်။ ဒီဆောင်းပါးလေးကတော့ နောင်တစ်ချိန် နှလုံးရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို ဖော်ပြပေးသွားပါမည်။ မသိသေးသူတွေ သိအောင်ရော၊ သိပြီးသူလည်း သတိ ပြန်ပြုမိအောင်ရောပေါ့နော်။
 

နှလုံးရောဂါ ဖြစ်ပွားစေသော အပြုအမူများ

၁။ ဆေးလိပ်သောက်ခြင်း ( ဆေးလိပ် မသောက်သူများထက် ၂ ဆ ကနေ ၄ ဆ နှလုံးရောဂါ ဖြစ်ဖို့ အခွင့်အလမ်းများပါတယ် )
 
၂။ ပြည့်ဝဆီ များသော အဆီများ စားခြင်း
 
၃။ သွေးတွင်း Cholesterol များ စားခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ခြင်း
 
၄။ မျိုးရိုးထဲတွင် နှလုံးရောဂါ ဖြစ်ပွားသော ရာဇဝင်ရှိခြင်း စတဲ့အပြုအမူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်စေပါတယ်။
 

ဒါတွေ မဖြစ်အောင်....

၁။ ကျန်းမာရေးနဲ့ သင့်တော်အောင် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ လုံးတီးဆန်များ၊ အဆီ မပါသော အသားများကို စားပေးသင့်ပါတယ်။
 
၂။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ နှလုံးကို ကျန်းမာသန်စွမ်းစေပါတယ်။
 
၃။ ဆေးလိပ် ဖြတ်ပါ။
 
၄။ အချိုများသော အစာများ၊ သကြားများ လျှော့စားပါ။
 
၅။ အရက်သောက်ခြင်းမှ ရှောင်ပါ။
 
ဒီအမူအကျင့် ၅ ခုကို အသက်ငယ်စဉ် အရွယ်ရောက်ချိန်ကတည်းက လိုက်နာနေ ထိုင်ခဲ့မယ်ဆိုရင် အသက်ရလာတဲ့အခါ နှလုံးရောဂါ ဖြစ်ပွားဖို့ ရာနှုန်း နည်းသွားနိုင်ပါတယ်။
 
သဘာဝနည်းလမ်းများဖြင့် နေထိုင်စားသောက်သလို အသက်အလတ်ပိုင်းအရွယ်မှာ နှလုံးသွေးကြောနံရံများ ကျန်းမာစေပြီး သွေးတွင်း အဆီဓာတ်များ ကျစေရန် နှလုံး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် ဖြည့်စွက်ဆေးဝါးများ လိုအပ်ပါက မှီဝဲသင့် ပါတယ်။
 
ဗီတာမင် B6၊ B12၊ Folic acid တွေဟာ သွေးကြောနံရံတွေကို ပျက်စီးစေ တဲ့ သွေးတွင်း homocysteine ဓာတ်တွေကို လျှော့ချပေးနိုင်ပါတယ်။ Vitamin E ကဲ့သို့သော ဗီတာမင်ဓာတ်ဟာလည်း ဓာတ်တိုး ဆန့်ကျင် အာနိသင်ရှိတာကြောင့် မကောင်းတဲ့ သွေးတွင်း အဆီဓာတ်တစ်မျိုးဖြစ်တဲ့ LDL ရဲ့ ဓာတ်တိုးမှုတွေကို ဟန့်တားပေးနိုင်တာကြောင့် ၎င်းဗီတာမင်ဓာတ်များ ပါဝင်တဲ့ အစာများ၊ ဖြည့်စွက်ဆေး များကိုလည်း မှီဝဲပေးခြင်းဖြင့် ကျန်းမာသော နှလုံးသားများ ပိုင်ဆိုင်နိုင်ကြပါစေ။
 
Credit : ဒေါက်တာရှင်းသန့်ဖြူ

18 Nov 2020     1,863 Views




RELATED

Most Popular of Health Fix

Most Popular of Life Style