BEC-TERO TV

ခါးနာဝေဒနာ ဆိုတာ...

22 Nov 2020     1,384 Views


ခါးနာဝေဒနာဟာ ကမ္ဘာပေါ်မှာ အလုပ်ခွင် ပျက်ကွက်မှု အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။ နှာစေး၊ ချောင်းဆိုးပြီးရင် ဒုတိယ အဖြစ်အများဆုံးဝေဒနာဖြစ်ပြီး ကမ္ဘာ့လူဦးရေ ၆၀-၈၀ ရာခိုင်နှုန်းဟာ ခါးနာဝေဒနာကို တစ်ချိန်ချိန်မှာ ခံစားရတတ်ပါတယ်။ ခါးနာဝေဒနာကို သတိပြုမိပြီဆိုရင် အဓိကနှစ်မျိုးကို ခွဲရမှာဖြစ်ပါတယ်။ ကုသပုံတွေနဲ့ ရလဒ်တွေက လုံးဝမတူညီကြပါဘူး။
 
အဲဒီနှစ်မျိုးကတော့ ရောင်ရမ်းမှုကြောင့်နာတာ (ခါးဆစ်ရောင် လေးဖက်နာ) နဲ့ ထိခိုက်မှုကြောင့်နာတာပဲဖြစ်ပါတယ်။ ခါးနာတာက မနက်ပိုင်းဆိုးလား၊ ညနေပိုင်းဆိုးလား သတိထားကြည့်ပါ။ မနက်ပိုင်းမှာ အဆိုးဆုံးပဲ။ နေထွက်လို့ လှုပ်ရှားသွေးပူသွားရင် ကောင်းလာတယ်။ အိမ်ရာထလာရင် ပြန်ပြီးတောင့်တောင့်ကြီး ဖြစ်နေတယ်ဆိုရင်တော့ ခါးဆစ်ရောင်လေးဖက်နာပါ။
 
မနက်အိပ်ရာထမှာ အကောင်းပဲ၊ ထိုင်တာကြာသွားလို့ နာလာတယ်၊ တစ်ခုခု ကုန်းမလိုက်ရင် မခံနိုင်အောင် ထိုးတယ်၊ အထူးသဖြင့် ခါးနာရုံမက ပေါင်တစ်ဖက်၊ ခြေသလုံးအထိ စူးပြီးအောင့်တယ် ဆိုရင်တော့ ထိခိုက်မှုကြောင့် ခါးနာတာဖြစ်ဖို့ များပါတယ်။ ဒီထဲမှာ ကြောက်ဖို့ကောင်းတဲ့ ညပိုင်းအိပ်နေတုန်း အထဲမှာ ကြွက်ဝင်ကိုက်နေသလို တဆစ်ဆစ်နာတတ်တဲ့ ခါးရိုးထဲ ကင်ဆာမပျံ့တဲ့ ခါးနာမှုကိုလည်း သတိထားရှာဖွေဖို့တော့ လိုပါတယ်။ ခါးနာတိုင်းတော့ ခါးရိုးကို ကွန်ပျူတာနဲ့စစ်တာ၊ သံလိုက်ဓာတ်မှန်ရိုက်တာ လုပ်ဖို့မလိုပါဘူး။
 
ပုံမှန်အားဖြင့် အနေအထိုင်မမှန်လို့၊ ကားဆောင့်လို့၊ ကုလားထိုင်ပေါ်မှာ အိပ်မိလို့ စတာတွေက ခါးနာဝေဒနာဖြစ်ရခြင်း အကြောင်းရင်းရဲ့ တစ်ဝက်လောက်မှာပါပြီး တစ်ပါတ်လောက် ဆင်ခြင်လိုက်ရင် ပျောက်သွားတာများပါတယ်။ သာမန်ခါးနာတာတွေရဲ့ ၉၀ ရာခိုင်နှုန်းကတော့ ၂ လအတွင်းပျောက်လေ့ ရှိပါတယ်။
 
အဓိကကုထုံးကတော့ ပညာရေးပေးတာပါပဲ။ အနေအထိုင်မှန်အောင် ပြောပြရပါတယ်။ ထိုင်တဲ့အခါမှာ ခါးရိုးဟာ မတ်ပြီးနည်းနည်းကောနေရင်အကောင်းဆုံးပါ။ ရုံးကုလားထိုင် မှာထိုင်ရင် ဖင်ကိုနောက်မှီဘက်ကို ထိအောင်ကပ်ထား၊ ခါးနဲ့ကုလားထိုင်နောက်မှီကြား မှာ ခေါင်းအုံးအသေးလေးတစ်ခု ခုထားရင် ခါးဟာမတ်မတ်၊ ကော့ကော့လေး ဖြစ်နေတာကြောင့် ခေါင်းနဲ့ခန္ဓာကိုယ်အပေါ်ပိုင်း အလေးချိန်ဟာ ခါးရိုးတစ်လျှောက်ဆင်းလာပြီး တင်ပါးကတစ်ဆင့် ထိုင်ခုံထဲ ဝင်သွားတာကြောင့် လူက အလေးချိန်ကို အားစိုက်ပြီး ထိန်းနေစရာ မလိုတော့ပါဘူး။
 
နောက်တစ်ခုဆင်ခြင်ဖို့က ပစ္စည်းကောက်တာပါပဲ။ ကြမ်းပြင်ပေါ်က ပစ္စည်းတစ်ခုကို ကောက်မယ်၊ မမယ်ဆိုရင် မတ်တတ်ကနေ ခါးကုန်းပြီး မကောက်ဘဲ ဆောင့်ကြောင့် ထိုင်ချပြီးမှ လက်နဲ့အသာလှမ်းကောက်ဖို့၊ မစရာလိုရင်လည်း ခါးအားနဲ့ မပါ။ သစ်သားကြမ်းပြင်ပေါ်မှာ အိပ်နိုင်ရင် အကောင်းဆုံးပါပဲ။ စပရင်မွေ့ရာက အားကုန်ပြီး ခါးနေရာက ခွက်ဝင်နေရင်တော့ မနက်လင်းရင် ခါးနာနေမှာ သေချာပါတယ်။ မွေ့ရာကလည်း အလယ်ခွက်နေ၊ တင်းတင်းရင်းရင်း၊ အသစ်ကလည်း မဝယ်နိုင်သေးဆိုရင်တော့ သစ်သားကြမ်းပြင်ပေါ် မှာ စောင်းခင်းပြီး အိပ်တာကောင်းပါတယ်။ ဆက်တီဆိုဖာပေါ်မှာ တီဗီကြည့်ရင်း အိပ်ပျော်သွားတတ်တာမျိုးကိုလည်း သတိထားရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
 
ဆေးအားဖြင့်တော့ အကိုက်အခဲပျောက်ဆေး ပါရာစီတမော၊ ကြွက်သားတွေ တင်းနေတာ လျော့စေတဲ့ဆေး (Myonal)၊ အရိုးနုဝါရှာလေးတွေ ပြန်ဖောင်းစေနိုင်တဲ့ဆေး (Glucosamine) စတာတွေ သုံးကြပါတယ်။
 
ထူးခြားတာက NSAID လို့ခေါ်တဲ့ ရောင်ရမ်းမှု ကျစေတဲ့ဆေးတွေ ပေးလိုက်လို့ “အရမ်းသိသိသာသာ သက်သာတာပဲဆရာ” ဆိုရင် ပျော်မသွားရဘူးဆိုတာပါပဲ။ အဆစ်ရောင်ပျောက်ဆေး ပေးလို့ ခါးနာသက်သာရင် ရိုးရိုးအနေအထိုင်မှားတာကြောင့် ခါးနာတာမဟုတ်ဘဲ ခါးဆစ်ရောင်လေးဖက်နာ ဖြစ်တတ်တာမို့ ခါးရိုးကကောက်ပြီး ခိုင်သွားတတ်ပါတယ်။
 
ရိုးရိုးအကိုက်အခဲပျောက်ဆေး၊ ကြွက်သားလျော့ဆေး၊ လေ့ကျင့်ခန်းတွေနဲ့တင် မပြီးဘဲ လေးဖက်နာဆေး၊ ဇီဝကုထုံးတွေ လိုလာနိုင်တာမို့လို့ HLAB27 ဗီဇစစ်ကြည့်တာတွေ၊ SI Joint လို့ခေါ်တဲ့ တင်ပါးချပ် ရိုးဆက်ကို သံလိုက်ဓာတ်မှန် (သို့) အသံလှိုင်းတီဗီ (USG) ရိုက်ကြည့်ရတာတွေ လိုတတ်ပါတယ်။ ဒီအကြောင်းကို နောက်မှ အသေးစိတ်ပြောပြပါဦးမယ်။
 
 
Credit: ပါမောက္ခဦးချစ်စိုး

22 Nov 2020     1,384 Views




RELATED

Most Popular of Health Fix

Most Popular of Life Style