BEC-TERO TV

Epiglottitis (လေပြွန်အဖုံး ရောင်ရမ်းခြင်း)

24 Nov 2020     1,384 Views


လေပြွန်အဖုံး ရောင်ရမ်းခြင်းသည် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေကာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော ရောဂါဖြစ်သည်။ ပူလွန်းသောအရည်များသောက်ခြင်း၊ မျိုချမိခြင်း၊ လည်ပင်းကို ထိခိုက်မိခြင်းနှင့် ရောဂါပိုးများ ဝင်ခြင်း တို့ကြောင့် ဖြစ်ပွားနိုင်သည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ကလေးများတွင်မူ Haemophilus influenza type B ပိုးဝင်ခြင်းကြောင့် အဖြစ်များသည်။
 

လက္ခဏာများ

 
လေပြွန်အဖုံးရောင်ခြင်း၏ လက္ခဏာများကို ကလေးများတွင် ပိုးဝင်ပြီး နာရီပိုင်းအတွင်းတွင် တွေ့ရတတ်သည်။
 
• ဖျားနာခြင်း
• လည်ချောင်း အလွန်အမင်း နာခြင်း
• အသက်ရှူသောအခါတွင် ရွှီရွှီမြည်သံကြားရခြင်း
• မျိုချရ ခက်ခဲခြင်း
• သွားရည်များ ကျခြင်း
• ဂနာမငြိမ်ဖြစ်ခြင်း
• ထိုင်နေစဉ်နှင့် ရှေ့သို့ကုန်းထားစဉ်တို့တွင် ရောဂါလက္ခဏာများ သက်သာခြင်းစသည် တို့ကို တွေ့ရတတ်သည်။
 
လူကြီးများတွင် ရောဂါလက္ခဏာများမှာ ဖြည်းဖြည်းချင်းပေါ်လာတတ်သည်။
 
• ဖျားခြင်း
• လည်ပင်း အလွန်အမင်းနာခြင်း
• အသက်ရှူစဉ်တွင် ရွှီရွှီမြည်ခြင်း
• အသက်ရှူကျပ်ခြင်း
• မျိုရခက်ခြင်း၊ သွားရည်ကျခြင်း
• စကားသံများ မပီသခြင်း၊ အသံဝင်ခြင်း တို့ကို တွေ့ရနိုင်သည်။
 

ဖြစ်ပွားရသော အကြောင်းရင်းများ

 
ယခင်က လေပြွန်အဖုံးရောင်ရမ်းခြင်းမှာ Haemophilus influenza type B ပိုးကြောင့် အဖြစ်များဆုံးဖြစ်သော်လည်း နောက်ပိုင်းတွင် Hib ကာကွယ်ဆေးကို ကလေးငယ်များအား ထိုးပေးခြင်းဖြင့် ဖြစ်ပွားမှုနှုန်း လျော့ကျလာခဲ့သည်။
 
လူကြီးများတွင် Streptococcus pneumoniae နှင့် Streptococcus A,B,C ပိုးတို့ကြောင့် လေပြွန်အဖုံး ရောင်ရမ်းခြင်း ဖြစ်ပွားတတ်သည်။
 
လည်ပင်းကို ဓာတုပစ္စည်းများ မျိုချမိခြင်း၊ အချို့သော ပစ္စည်းများ မျိုချမိခြင်း၊ မူးယစ်ဆေးဝါးကို အငွေ့အဖြစ် ရှူခြင်း တို့ကြောင့်လည်း လေပြွန်အဖုံးရောင်ရမ်းခြင်းနှင့် ဆင်တူသည့် လက္ခဏာများကို တွေ့ရတတ်သည်။
 

အဖြစ်များသူများ

 
• အမျိုးသားများ
• ဆေး သို့မဟုတ် ရောဂါတစ်ခုခုကြောင့် ကိုယ်ခံအား နည်းနေသူများနှင့်
• Hib ကာကွယ်ဆေး မထိုးထားသူများတွင် အဖြစ်များသည်။
 

နောက်ဆက်တွဲ ပြဿနာများ

 
• အသက်ရှူလမ်းကြောင်းပိတ်၍ အသက်အန္တရာယ် ဖြစ်နိုင်ခြင်း
• ရောဂါပိုးများ ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားပြီး အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် သွေးဆိပ်တက်ခြင်းတို့ကို ဖြစ်ပွားစေကာ အသက်အန္တရာယ် ဆုံးရှုံးနိုင်သည်။
 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

 
လေပြွန်အဖုံးရောင်ရမ်းခြင်းသည် အချိန်တိုတွင်း အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်။ အသက်ရှူရခက်ခြင်း၊ အစာမျိုရခက်ခြင်းတို့ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံသို့သွားရောက်၍ ကုသမှု ခံယူရန် လိုအပ်သည်။ လူနာကို မတ်မတ် ထိုင်ခိုင်းပြီး ငြိမ်ငြိမ်ထားပေးရန် လိုအပ်သည်။ မိမိသဘောဖြင့် အာခေါင်ကို စစ်ဆေးခြင်း မပြုရန် အထူးသတိပြုသင့်သည်။
 

စစ်ဆေးမှုများ

 
လေပြွန်အဖုံးရောင်ခြင်းဟု သံသယရှိပါက ရှေးဦးစွာ လေပြွန်ပိတ်ခြင်းရှိမရှိ၊ အသက်ရှူနိုင်ခြင်းရှိမရှိကို စစ်ဆေးရမည်။ ထို့နောက် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏကို တိုင်းတာရမည်။ သွေးတွင်းအောက်ဆီဂျင် ပမာဏ ကျနေခြင်း သို့မဟုတ် အသက်မရှူနိုင်ခြင်းတို့ဖြစ်ပါက အရေးပေါ် အသက်ကယ်နည်းဖြင့် အသက်ရှူနိုင်အောင် ကူညီပေးရမည်။
 
ထို့နောက် -
 
• လည်မျိုအတွင်းသို့ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်း
• လည်ပင်းနှင့် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း
• အာခေါင်တွင်းမှ တံတွေးကို ပိုးရှိမရှိ စစ်ဆေးခြင်း
• သွေးစစ်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
 

ကုသခြင်း

 
• အသက်ရှူရ လွယ်ကူရန် ပြုလုပ်ပေးခြင်း။
• အောက်ဆီဂျင်ပေးခြင်း။
• လေပြွန်ပိတ် မသွားစေရန် လေပြွန်အတွင်းသို့ ပိုက်ထည့်ခြင်း။
• ရောဂါပိုးများကို ကုသရန် ပိုးသတ်ဆေးများ ထိုးခြင်း။
 

ကာကွယ်ခြင်း

 
လေပြွန်အဖုံး ပိုးဝင်ရောင်ရမ်းခြင်းကို ကာကွယ်နိုင်ရန် 
 
- Hib ကာကွယ်ဆေးကို ကလေးငယ်များအား အသက် ၂လ၊ ၄လ၊ ၆လ နှင့် ၁နှစ်တို့တွင် ထိုးနှံပေးခြင်း။
- တစ်ကိုယ်ရည်သုံး ပစ္စည်းများကို အခြားသူများနှင့် မျှဝေသုံးခြင်းကို ရှောင်ရှားခြင်း။
- မကြာခဏ လက်ဆေးပေးခြင်း။
- လိုအပ်ပါက အရက်ပျံ ပါဝင်သော လက်သန့်ဆေးရည်ဖြင့် သန့်စင်ခြင်း တို့ကို ပြုလုပ်သင့်သည်။
 
Credit:

24 Nov 2020     1,384 Views




RELATED

Most Popular of Health Fix

Most Popular of Life Style