BEC-TERO TV

မလေးရှားက လက်အိတ် စက်ရုံမှာ ဗိုင်းရပ်စ် ကူးစက်သူ နှစ်ထောင်ကျော်အထိ တိုးလာ

25 Nov 2020     1,588 Views


မလေးရှားမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရော်ဘာ လက်အိတ်ထုတ်လုပ်ရေးစက်ရုံ Top Glove Corp မှာ အလုပ်သမား နှစ်ထောင်ကျော် ဗိုင်းရပ်စ် ကူးစက်နေတဲ့အတွက် လက်အိတ် တင်ပို့ရေးလုပ်ငန်း သီတင်း ၂ ပတ်ကနေ ၄ ပတ်အထိ နောက်ကျနိုင်တယ်လို့ ကုမ္ပဏီက သတင်း ထုတ်ပြန်ပါတယ်။ ဒီလို ကူးစက်မှုကြောင့် မြို့တော် ကွာလာလမ်ပူ အပြင်နားမှာရှိတဲ့ Klang မြို့က လက်အိတ်ထုတ်လုပ်ရေးစက်ရုံ ၁၆ ခုကို နိုဝင်ဘာ ၁၇ ကတည်းက ပိတ်ထားလိုက်ရပြီး ၁၂ ရုံကတော့ အလုပ်ဖြစ်အောင် ဆက်လည်ပတ်နေရတယ်လို့ Top Glove ကုမ္ပဏီကပြောပါတယ်။

မလေးရှားအစိုးရကတော့ Klang မှာရှိတဲ့ စက်ရုံ ၂၈ ခုစလုံးကို ပိတ်ပစ်ဖို့ တနလာၤနေ့မှာ အမိန့်ပေးလိုက်ပြီး အလုပ်သမားအားလုံးကိုလည်း ဆေးစစ်တာ၊ ကွာရန်တင်း ဝင်ခိုင်းတာတွေ လုပ်ခိုင်းလိုက်ပါတယ်။ ဒါဟာ ဒီစက်ရုံတွေက အလုပ်သမား 2,453 ဦးမှာ ဗိုင်းရပ်စ် ပိုးတွေ့ ပြီးတဲ့နောက် ဖြစ်ပေါ်လာတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အင်္ဂါနေ့မှာ နောက်ထပ် 1,511 ဦး ဗိုင်းရပ်စ် ထပ်တွေ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီထဲမှာ စက်ရုံ အလုပ်သမား ဘယ်လောက်ပါသလဲဆိုတာကိုတော့ အတိအကျ ပြောမထားပါဘူး။

ဒီနေ့တရက်တည်း ကူးစက်မှု 2,188 ခုရှိတဲ့အတွက် ဒါဟာ စံချိန်သစ်ဖြစ်ပါတယ်။ အားလုံးပေါင်းဆိုရင် ကူးစက်သူ ငါးသောင်းကျော် (58,847) ရှိနေပြီဖြစ်ပြီး သေဆုံးသူက 4,036 ဦး ရှိနေပြီဖြစ်ပါတယ်။ Top Glove ကုမ္ပဏီဟာ တနှစ်ကို ရော်ဘာလက်အိတ် ၉၀- ဘီလီယံ ထုတ်လုပ်နေတာဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၄ ပုံ တပုံရှိကာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံဆီ တင်ပို့နေတာဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်နိုင်ဖို့အတွက် နိုင်ငံပေါင်း ၂၈ နိုင်ငံက အလုပ်သမား 13,000 ဟာ Klang မြို့က စက်ရုံ ၂၈ ခုမှာ တာဝန်ထမ်းနေကြပါတယ်။ မလေးရှားအပြင် ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်အပါဝင် နိုင်ငံ ၆ ခုက စက်ရုံ ၄၁ ရုံပါ ပေါင်းမယ်ဆိုရင်တော့ Top Glove ကုပဏီမှာ အလုပ်သမား 21,000 ရှိတယ်လို့ သိရပါတယ်။. ။

Source: AP One News


25 Nov 2020     1,588 Views




RELATED

Most Popular of International News

Most Popular of NEWS