BEC-TERO TV

အမျိုးသမီးများအတွက် သတိထားသင့်သော ကင်ဆာသဲလွန်စများ

25 Nov 2020     1,360 Views


ရင်သားမှာ ဖြစ်ပေါ်လာသော အပြောင်းအလဲများ

ရင်သားကင်ဆာဟာ အမျိုးသမီးများကို အသက်အန္တရာယ်ပေးနိုင်တဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားများထက် အဆတစ်ရာ ပိုဖြစ်တတ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြား အမျိုးသမီးများ သေဆုံးရတဲ့ အဓိကအကြောင်းတရားဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍ ရင်သားအရေပြားမှာ ချိုင့်ဝင်လာ သလား။ နို့သီးခေါင်းအတွင်းသို့ချိုင့် ဝင်လာသလား။ နို့သီးခေါင်းမှာ ကွဲနေသလား အဖတ်ကလေးများ ဖြစ်နေသလား။ နို့သီးခေါင်းမှသွေးရည်ကြည်ထွက်သလား သတိထားကြည့်ဖို့ လိုပါတယ်။ ထူးခြားမှုတစ်ခုခု တွေ့ရင်ဆရာဝန်ကို ပြသတိုင်ပင်ပါ။ မိသားစုအတွင်း ရင်သားကင်ဆာဖြစ်ပွားသူ ရှိမရှိ မေးမြန်းခြင်း၊ ရင်သားဓာတ်မှန် ရိုက်ခြင်း၊ ရင်သားအသားစ ရယူစမ်းသပ်ခြင်း စသဖြင့် လိုအပ်သလို ဆက်လက်စစ်ဆေးကြည့်ရန်လိုအပ်ပါမည်။
 

ဝမ်းဗိုက်ဖောင်းလာခြင်း

အမျိုးသမီးများဟာ များသောအားဖြင့် ဝမ်းဗိုက်ဖောင်းတတ်ကြလို့ ရုတ်တရက်ပိုပိုဖောင်းလာတယ်လို့ထင်ရင် တစ်ပါတ် နှစ်ပါတ်လောက် စောင့်ကြည့်နိုင်ပါတယ်။ တကယ်လို့ ပြန်ချပ်မသွားဘူး၊ ကိုယ်အလေးချိန်လည်း အကြောင်းမဲ့ ကျလာတယ်၊ ပုံမှန်မဟုတ်ဘဲ သွေးဆင်းလာတယ်ဆိုရင် ဆရာဝန်ပြဖို့လိုပါပြီ။ ဥအိမ်ကင်ဆာမှာ ဒီလက္ခဏာတွေ ပြတတ်ပါတယ်။ ဆရာဝန်က လိုအပ်သလို စမ်းသပ်ကြည့်ပါ လိမ့်မယ်။ သွေးစစ်ကြည့်ခြင်း တိဗွီဓာတ်မှန်ဖြင့်စမ်းသပ်ခြင်း စတာတွေနဲ့ ရောဂါရှာကြည့်ပါလိမ့်မယ်။
 

ဓမ္မတာ တစ်ချိန်နဲ့တစ်ချိန်ကြား သွေးဆင်းခြင်း

ဆရာဝန်ကသာ ဝေဖန်ပိုင်းခြား ဖော်ထုတ်နိုင်မှာဖြစ်တဲ့အတွက် မီးယပ်သားဖွား ဆရာဝန်များနဲ့ ပြသပါ။ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်နေခြင်းရှိမရှိ စမ်းသပ်ကြမှာဖြစ်ပါတယ်။ သွေးဆုံးပြီးသူ အမျိုးသမီးများမှာ သွေးပြန်ဆင်းတယ် ဆိုရင်တော့ ချက်ချင်းစမ်းသပ်စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါလိမ့်မယ်။
 

အရေပြားအပြောင်းအလဲများ

အရေပြားမှာ အကွက်အပြောက်တွေပေါ်လာတာ အရေခွံ အဖတ်လေးတွေ ကွာထွက်နေတာ၊ အနီအကွက်ငယ်တွေ ဖြစ်ပေါ်လာတာ သတိထားကြည့်ရပါမယ်။ အထူးသဖြင့် ဦးခေါင်းပိုင်းနဲ့ လည်ပင်းပိုင်းတွေမှာပါ။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့ နေရာဖြစ်လို့ပါပဲ။ မှဲ့တွေယားလာတာ ပုံပြောင်းလာတာ သွေးထွက်တတ်တာတွေ ရှိလာရင် ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ အရေပြားကင်ဆာ ဖြစ်တတ်လို့ပါ။ အချိန်ဆွဲလို့ မသင့်တော်တဲ့ အခြေအနေဖြစ်ပါတယ်။
 

ဆီးနဲ့ဝမ်းမှာ သွေးပါခြင်း

ဝမ်းမှာ သွေးပါလာတာဟာ လိပ်ခေါင်းကြောင့် လည်း ဖြစ်တတ်ပါတယ်။ ဆီးမှာသွေးပါရင် ဆီးပိုးဝင်ခြင်း ဆီးကျောက်တည်ခြင်းတွေကြောင့် ဖြစ်နိုင်ပေမယ့် ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ သေချာစွာ စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။
 

အကျိတ်များပြောင်းလဲလာခြင်း

အကျိတ်များကို အလွယ်တကူ စမ်းလိို့မမိနိုင်ပါဘူး။ စမ်းမိရင်လည်း အရွယ်အစား သေးငယ်လေ့ရှိပါတယ်။ ဒဏ်ရာအနာရင်းလို့ ဒါမှမဟုတ် ကူးစက်ရောဂါတစ်ခုခုကြောင့် အကျိတ်တွေရောင်ပြီး ကြီးလာတတ်ပါတယ်။ ဒါပေမယ့် အချို့ကင်ဆာတွေမှာ အကျိတ်တွေကြီးလာတတ်တဲ့အတွက် သတိထားရပါလိမ့်မယ်။ အကယ်၍ တစ်လထက်ပိုပြီး အကျိတ်တွေကြီးနေမယ်ဆိုရင် ဆရာဝန်ပြတာ အကောင်းဆုံးပါပဲ။
 

အစာမျိုချရ ခက်ခဲလာခြင်း

အစာမျိုရရ ခက်ခဲခြင်း အန်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်းတွေပါ ဖြစ်လာတယ်ဆိုရင် အရေးကြီးလာပြီ။ ဆရာဝန်နဲ့ ပြပါ။ အစာရေမျိုပြွန် ကင်ဆာဖြစ်နေလား အစာအိမ်ကင်ဆာ ခံစားနေရပြီလားဆိုတာ စမ်းသပ်စစ်ဆေးကြည့် ရပါလိမ့်မယ်။ (Barium meal X-ray) ဆေးသောက်ပြီး ဓာတ်မှန်ရိုက်ကြည့်သင့် ရိုက်ကြည့်ရပါလိမ့်မယ်။
 

ကိုယ်အလေးချိန်လျော့ကျလာခြင်း ပိန်လာခြင်း

ဘာလေ့ကျင့်ခန်းမှ မလုပ်သလို အစားအသောက် လျှော့ချခြင်း မလုပ်ဘဲနဲ့ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့ အထက်လျော့နည်း ကျဆင်းလာပြီဆိုရင် ကင်ဆာရောဂါအချက်ပြတာလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မရည်ရွယ်ဘဲ ကိုယ်အလေးချိန်လျော့ကျနေခြင်းဟာ ကင်ဆာဖြစ်နေတယ် လို့တော့ကောက်ချက်ချ မရေးသေးပါဘူး။ စိတ်သောက ဖိစီးရင်လည်း ကိုယ်အလေးချိန် ကျနိုင်ပါတယ်။
 

ရင်ပူခြင်း

အစားအသောက်များတဲ့အခါ အရက်သောက်ထားတဲ့အခါ ဒါမှမဟုတ် ပူပင်သောကများတဲ့အခါ ရင်ပူတတ်ပါတယ်။ ရင်ပူတာ အဖြစ်များခဲ့ရင် အစားအသောက်ပုံစံကို တစ်ပါတ်နှစ်ပါတ်လောက် ပြောင်းကြည့်ပါ။ အပူ၊ အစပ်၊ အချဉ်ရှောင်ကြဉ်ကြည့်ပါ။ သက်သာသွားလျှင် ရိုးရိုး အကြောင်းများ ကြောင့် ဖြစ်နိုင်ပါတယ်။ မသက်သာဘူးဆိုရင် ဆရာဝန်ကိုပြသတိုင်ပင်ကြည့်ပါ။ များသောအားဖြင့် မသက်သာရင် ပိုဆိုးလာရင် အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာဖြစ်တတ်ပါတယ်။ ထူးခြားစွာဖြင့် မျိုးဥအိမ် ကင်ဆာ (OVARIAN CANCER ) မှာလည်း အစာမကြေရင်ပူတာ ခံစားရတတ်ပါတယ်။
 

ပါးစပ်အတွင်း အပြောင်းအလဲများ

ခံတွင်းနှင့် နှုတ်ခမ်းမှာ အဖြူအကွက်တွေ နီရဲတဲ့အကွက်တွေ ထွက်ခဲ့ရင်သတိထားပါ။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးများ ပိုသတိထားဖို့ လိုပါတယ်။ ဒီလက္ခဏာဟာ ခံတွင်းကင်ဆာရဲ့ ရှေ့ပြေးသဲလွန်စများ ဖြစ်လို့ပါပဲ။ ဆရာဝန်ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။
 

ချောင်းဆိုးခြင်း

ရိုးရိုးချောင်းဆိုးတာဆိုရင် တစ်လအတွင်း ပျောက်ကင်းသွားလေ့ ရှိပါတယ်။ ချောင်းဆိုးတာ လနဲ့ချီ ကြာတာတောင် မပျောက်ကင်းဘူးဆိုရင် အထူးသဖြင့်ဆေးလိပ်သောက်သူတွေဟာ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ ချောင်းဆိုးခြင်းဟာ အဆုတ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတစ်ခုဖြစ်နေလို့ပါပဲ။
 
 
Credit: ဒေါက်တာမြင့်သန်း (သန္ဓေသား)

25 Nov 2020     1,360 Views




RELATED

Most Popular of Health Fix

Most Popular of Life Style