BEC-TERO TV

ရုရှားမှာ ဆရာဝန်တွေနဲ့ ကျောင်းဆရာ/ဆရာမ တွေကို ကာကွယ်ဆေးစထိုး

07 Dec 2020     1,420 Views


ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းဆရာ ဆရာမတွေကို အဓိကထားပြီး၊ လူအမြောက်အမြားအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမှုကို စတင်နေပြီဖြစ်ပါတယ်။ စနေနေ့က မော်စကိုမြို့တော်မှာရှိတဲ့ ဆေးရုံ ဆေးခန်းပေါင်း ၇၀ မှ ဗိုင်းရပ်စ် ကူးစက်ခံရမှု အန္တရာယ်များသူလို့ ယူဆရသူတွေကို ရုရှားထုတ် ကာကွယ်ဆေးတွေ စတင်ထိုးပေးခဲ့ပါတယ်။

ရုရှားအစိုးရက အဲဒီကာကွယ်ဆေး အသုံးပြုခွင့်ကို ဩဂုတ်လက အတည်ပြုခဲ့တာပါ။ ကာကွယ်ဆေးထိုးခံခွင့်ရဖို့ အင်တာနက်ကတစ်ဆင့်လျှောက်ထားသူခဲ့တွေဟာ မော်စကိုမြို့က ဆေးရုံတစ်ရုံမှာ လာရောက်ဆေးထိုးခဲ့တာကို တွေ့ရပါတယ်။ ရုရှားမှာ ဗြိတိန်ထက်စောပြီး ကာကွယ်ဆေးထိုးမှုကို စတင်ခြင်းအားဖြင့် သမ္မတ Vladimir Putin (ဗလာဒီမာ ပူတင်) အစိုးရက ရုရှားထုတ်ကာကွယ်ဆေးရဲ့ အာနိသင်ကို လူတွေသိလာအောင် အလေးပေးဆောင်ရွက်လိုတဲ့ ဆန္ဒရှိပုံရပါတယ်။

ဗြိတိန်အစိုးရကတော့ အမေရိကန် ဆေးကုမ္ပဏီကြီး Pfizer နဲ့ ဂျာမနီ ကုမ္ပဏီ တစ်ခုက တီထွင်ထုတ်လုပ်ထားတဲ့ COVID - 19 ကာကွယ်ဆေးကို အစောဆုံး အခုသီတင်းပါတ်အစပိုင်းမှာ စသုံးဖို့ စီစဉ်နေပါတယ်။ ရုရှားဝန်ကြီးတစ်ချို့ကို ရုရှားထုတ် ကာကွယ်ဆေးတွေ ထိုးပေးခဲ့ပြီးဖြစ်ပေမယ့် သမ္မတ ပူတင် ကတော့ အထိုးမခံရသေးဘူးလို့ ဆိုပါတယ်။

ရုရှားမှာ အခုလအစောပိုင်း ကောက်ယူခဲ့တဲ့စစ်တမ်း‌တစ်ခုမှာ ပြန်ဖြေသူ ၃၀ ရာခိုင်နှုန်းကသာ ကာကွယ်ဆေးအထိုးခံဖို့ အဆင်သင့်ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီကာကွယ်ဆေးရဲ့ အာနိသင်နဲ့ ဘေးကင်းစိတ်ချရမှုအပေါ် ရှရှားပြည်သူ အများစုက စိုးရိမ်မှုရှိနေပုံရပါတယ်။

Credit: MRTV #Popolay #Popolaytv #News #International_News #COVID_19 #Vaccine #Russia


07 Dec 2020     1,420 Views




RELATED

Most Popular of International News

Most Popular of NEWS