BEC-TERO TV

အင်ဒိုနီးရှား၌ ရေကြီးရေလျှံမှုကြောင့် ပြည်သူ ၁၀၀၀၀ နီးပါး နေအိမ်စွန့်ခွာ

08 Dec 2020     1,408 Views


အင်ဒိုနီးရှားနိုင်ငံ အာချီးပြည်နယ်၊ အရှေ့အာချီးခရိုင်၌ ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူ ၉၉၈၈ ဦးခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဒေသဆိုင်ရာ သဘာဝဘေးလျှော့ချရေး အေဂျင်စီ က ပြောကြားသည်။ အရှေ့အာချီးခရိုင်၌ သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဒေသအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားကာ နေရာအများအပြားကို စင်တီမီတာ ၂၀၀ ခန့်မြင့်သောရေလျှံမှုက လွှမ်းမိုးခဲ့ကြောင်း ဒေသဆိုင်ရာ သဘာ၀ ဘေး လျှော့ချရေးအေဂျင်စီ အကြီးအကဲ အာရှာဒီက ပြောကြားသည်။

ဒေသအတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုက ထိခိုက်သွားသည့် ဒေသများတွင် ဘန်ဒါခရိုင်ခွဲရှိ ပါယလာမန် နှင့် အူလယ်ဂျာလန်ကျေးရွာတို့လည်း ပါဝင်ကြောင်းလည်းသိရသည်။ ရေကြီးရေလျှံမှုကြောင့် ဘန်ဒါအလမ်ခရိုင်ခွဲရှိ ကျေးရွာအားလုံးနီးပါးကို ရေကလွှမ်းမိုးထားသလို လူနေအိမ် အများအပြားကိုလည်း ရေကမျောပါသွားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထို့အပြင် အရှေ့အာချီးခရိုင် အတွင်းရှိ နေရာအများအပြားကိုလည်း စင်တီမီတာ ၁၂၀ အကြားမြင့်သော ရေလျှံမှုက လွှမ်းမိုးထားကြောင်း သိရသည်။ အာချီးပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၂၂၆ ရွာရှိ အိမ်ထောင်စု ၁၇၆၄၈ စုကို ထိခိုက်ခဲ့ကြောင်း၊ ဒေသအတွင်း မိုးဆက်လက်ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်မိပါကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ


08 Dec 2020     1,408 Views




RELATED

Most Popular of International News

Most Popular of NEWS