BEC-TERO TV

ဟောင်ကောင်ကိစ္စအတွက် တရုတ်ထိပ်တန်းအရာရှိ ၁၄ ဦးကို အမေရိကန် ဒဏ်ခတ်

08 Dec 2020     1,425 Views


ဟောင်ကောင်ကို တရုတ်နိုင်ငံက ဖိနှိပ်ချုပ်ချယ်တဲ့အထဲ ပါဝင်ခဲ့သူ တရုတ်အစိုးရအဆင့်မြင့် အရာရှိ ၁၄ ဦးကို အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့က ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။ ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို အတည်ပြုရာမှာ ရှေ့တန်းက ပါဝင်ခဲ့သူ တရုတ်ပြည်သူ့ အမျိုးသား ကွန်ဂရက် အမြဲတမ်းကော်မတီက ဒုတိယဥက္ကဌ ၁၄ ဦးကို အမေရိကန်အစိုးရက နိုင်ငံထဲဝင်ရောက်ခွင့်ပိတ်ပင်လိုက်သလို အမေရိကန်နိုင်ငံထဲက သူတို့ရဲ့ ပိုင်ဆိုင်မှု တွေကိုပိတ်ဆို့လိုက်တာပါ။

အာမခံပေးထားခဲ့တဲ့ ဟောင်ကောင်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထိခိုက်အောင်လုပ်ခဲ့တဲ့ တရုတ်နိုင်ငံ အနေနဲ့ တာဝန်ခံမှုတွေ ရှိလာဖို့ အမေရိကန်နိုင်ငံက မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်သွားမယ်ဆိုတာ ဒီဒဏ်ခတ်ပိတ်ဆိုမှုကနေ ပြသလိုက်တာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ကြေညာချက်မှာ ပါရှိပါတယ်။ တရုတ်အစိုးရကတော့ ဟောင်ကောင်အရေးဟာ တရုတ်ရဲ့ပြည်တွင်းရေးလို့ ပြောပါတယ်။ ဟောင်ကောင်က တရုတ်နိုင်ငံရဲ့ ဟောင်ကောင် ဖြစ်လို့ ဟောင်ကောင်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး သပ်သပ်သာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံခြားတိုင်းပြည်ကမှ ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေး မရှိတာကြောင့် ဟောင်ကောင်ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို တိုက်တွန်းပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က သတင်းစာ ရှင်းလင်းပွဲကနေ တုန့်ပြန်ပြောကြားပါတယ်။ အမေရိကန်တို့က တရုတ်လိုလားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam ကိုလည်း ဒဏ်ခတ်အရေးယူထားခဲ့ပြီးဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုကိုအရေးမကြီးသယောင် ပြောနေချိန်မှာပဲ Carrie Lam က ဘဏ်အကောင့်ဆက်မထားနိုင်တော့တာကြောင့်ငွေသား ကိုင်တွယ် သုံးစွဲနေရတယ်လို့ ဝန်ခံပြောကြားထားပါတယ်။

ဒေါ်လာငွေ လွှဲပြောင်းပေးပို့မှုကိစ္စတွေမှာ ဩဇာကြီးမားတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဖိအားကြောင့် Carrie Lam အနေနဲ့ ဘဏ် ငွေစာရင်း ဆက်လက် ဖွင့်မထားနိုင်တာလည်း ဖြစ်ပါတယ်။

Credit: VOA #Popolay #Popolaytv #News #International_News #Hong_Kong #American #China


08 Dec 2020     1,425 Views




RELATED

Most Popular of International News

Most Popular of NEWS