BEC-TERO TV

ဆားဝက်ခြံ တွေကို ကုသနိုင်မယ့် လွယ်ကူတဲ့နည်းလမ်း (၄) သွယ်

11 Dec 2020     2,076 Views


ဆားဝက်ခြံတွေဟာ အဖြစ်များကြပါတယ်။ အသက်အရွယ်မခွဲခြားဘဲ လူတိုင်း ဒီပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီဝက်ခြံပြဿနာဟာ နာကျင်မှုတွေ၊ နီရဲမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် အခြားသောပြင်းထန်တဲ့ လက္ခဏာရပ်တွေကို မခံစားရစေနိုင်သော်ငြား သင့်ရဲ့ မျက်နှာအလှအပအတွက်တော့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး သင့်ကို စိတ်ဆင်းရဲစေပါတယ်။
 
တကယ်လို့များ သင်က ဒါတွေကို ကုသပျောက်ကင်းချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် တကယ်အသုံးဝင်တာကို တွေ့ရမှာပါ။
 

ဆားဝက်ခြံ ဆိုတာ ဘာတွေလဲ... ?

ဆားဝက်ခြံ ဒါမှမဟုတ် open comedones တွေဟာ အနိမ့်ဆုံးဝက်ခြံအနာတွေပါပဲ။ ဒါတွေဟာ မွေးညင်းပေါက်တွေ ကြီးပြီး ပိတ်ဆို့နေလို့ဖြစ်ရတာပါ။ သူတို့တွေဟာ comedones တွေက အရေပြားမျက်နှာပြင်ပေါ်ကို ထွက်လာပြီး ပွင့်လာတဲ့အချိန်မှာ ဖြစ်ပါတယ်။
 
comedones တွေရဲ့ အဆီပိုတွေက လေနဲ့ထိတွေ့ပြီး ဓါတ်တိုးလို့ အရေပြားကို အရောင်ပြောင်းလဲစေပါတယ်။ ဒီအရောင်ပြောင်းလဲမှုရဲ့ အဓိကတရားခံက အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေမဟုတ်ပါဘူး။
 
ဆားဝက်ခြံတွေဟာ နာကျင်မှုတွေ ဒါမှမဟုတ်ရောင်ယမ်းမှုတွေကို ခံစားရစေမှာမဟုတ်သော်လည်း အရေပြားပေါ်မှာ ကာလကြာရှည် တည်ရှိနေနိုင်ပါတယ်။
 

ဆားဝက်ခြံတွေအတွက် ကုသနည်းများ

ဆားဝက်ခြံတွေဟာ အရေပြားအလှအပကို ထိခိုက်စေတာကြောင့် သူတို့ကို ကုသဖို့က အရေးကြီးလှပါတယ်။ ဒီမှာတော့ သင့်အတွက် အသုံးဝင်နိုင်မယ့် အရာလေးတွေကို အကြံပြုထားပါတယ်။
 
ကပ်ခွာ
ကပ်ခွာကို ဆားဝက်ခြံတွေရှိနေတဲ့နေရာမှာ ကပ်လိုက်ပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိစောင့်ပါ။ ပြီးရင်တော့ ခွာထုတ်လိုက်ပါ။ ကပ်ခွာကို ခွာလလိုက်တဲ့အချိန်မှာ ဆားဝက်ခြံတွေကိုပါ တစ်ခါတည်း ခွာပြီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ချွေးပေါက်တွေပြန်ကျဉ်းသွားစေဖို့ တိုနာကို အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။
 
ဒီကပ်ခွာကို တစ်ပါတ်တစ်ကြိမ်လောက်အသုံးပြုပြီး အသားအရေထိန်းသိမ်းမှုကို ကောင်းကောင်းလုပ်ပေးပါ။ သတိပြုရမှာက ဒီကပ်ခွာဟာ သင့်အရေပြားပေါ်မှာ ဆားဝက်ခြံတွေ ပေါ်နေမှသာ ဖယ်ရှားပစ်နိုင်တာပါ။ ဆားဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ဖို့တော့ မတတ်နိုင်ပါဘူး။
 
Salicylic acid သို့မဟုတ် Glycolic acid ပါဝင်တဲ့ မျက်နှာသစ်ဆေး
သင့်အရေပြားကို သန့်ရှင်းနေစေဖို့က အမြဲတမ်းအရေးကြီးပါတယ်။ salicylic acid သို့မဟုတ် glycolic acid ဟာ ဆဲလ်သေတွေကို အရေပြားအပေါ်ယံလွှာကနေ ဖယ်ရှားပေးနိုင်ပြီး နီရဲ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။
 
ဒီမျက်နှာသစ်ဆေးတွေကိုတော့ တစ်ပါတ်မှာ တစ်ခေါက် သို့မဟုတ် နှစ်ခေါက်အသုံးပြုနိုင်ပါတယ်။ တံဆိပ်မှာပါဝင်တဲ့ အညွှန်းအတိုင်း အမြဲတမ်းလိုက်နာပါ။ တကယ်လို့များ ဘယ်လိုသုံးရမယ်ဆိုတာကို မှန်မှန်ကန်ကန် မသိဘူးဆိုရင် ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်ကိုမေးပါ။
 
မျက်နှာပေါ်မှာမသုံးခင် ဓါတ်မတည့်မှုတွေ ရှိမရှိအရင်စမ်းသပ်သင့်ပါတယ်။ ဒီမျက်နှာသစ်ဆေးကို မျက်လုံး၊ ပါးစပ်၊ နှာခေါင်းသို့မဟုတ် အနာရှိတဲ့နေရာတွေမှာမသုံးပါနဲ့။ ထိခိုက်ဒဏ်ရာရစေနိုင်လို့ပါ။ ဒီမျက်နှာသစ်ဆေးကို စိုစွတ်နေတဲ့ အသားပေါ်မှာလိမ်းပေးပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ အရေပြားကို ချေးမချွတ်ပါနဲ့။
 
ရွှံ့စေး၊ သင်္ဘောသီး သို့မဟုတ် ကျောက်မီးသွေးပါဝင်တဲ့ မျက်နှာဖုံး (mask)
အချို့သော မျက်နှာဖုံး (mask) တွေမှာ ရွှံ့စေး၊ သင်္ဘောသီးနဲ့ ကျောက်မီးသွေးတွေပါတတ်ပြီး ဒါတွေက ဆားဝက်ခြံတွေကို ဖယ်ရှားတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီမျက်နှာဖုံးတွေဟာ ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုတွေကိုပါ ကောင်းမွန်စေပြီး အလုံးစုံသော ကျန်းမာရေးအခြေအနေတွေကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။
 
ဒီမျက်နှာဖုံးတွေကိုတော့ တစ်ပါတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။
 
မျက်နှာသစ်စက် (mechanical skin brush)
အချို့သောသူတွေဟာ မျက်နှာသစ်စက်က သူတို့အခြေအနေတွေကို ပိုပြီးကောင်းမွန်စေတယ်ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်ရုံမကပါဘူး။ မျက်နှာရဲ့ အခြားသောအစိတ်အပိုင်းတွေကိုပါ သန့်စင်စေနိုင်ပါတယ်။ ဒါကိုအသုံးပြုပြီးရင် သင့်ရဲ့မျက်နှာဟာ အနှိပ်ခံလိုက်ရသလို ခံစားရနိုင်ပါသေးတယ်။
 

အရေပြားဆရာဝန်ကိုပြပါ။

တကယ်လို့များ သင်က အထက်ဖော်ပြပါ နည်းလမ်းတွေ အားလုံးလုပ်ဆောင်ပြီးတာတောင် အခြေအနေမတိုးတက်လာဘူးဆိုရင် အရေပြားဆရာဝန်ဆီ သွားသင့်နေပါပြီ။ သူတို့က သင့်အရေပြားကိုစစ်ဆေးပြီး ထိရောက်တဲ့ ကုသမှုတွေ၊ လမ်းညွှန်မှုတွေ ပေးနိုင်ပါလိမ့်မယ်။ 
 
ဆားဝက်ခြံကုသခြင်းဟာ ဆားဝက်ခြံတွေဖယ်ရှားဖို့အတွက်ပဲ အဓိကထားပါတယ်။ အိမ်မှာလုပ်လို့ရနိုင်တဲ့ အချို့သောအချက်လေးတွေက ထိရောက်တယ်ဆိုတာကိုလည်း သင်တွေ့ရပါလိမ့်မယ်။
 
ပြီးတော့ သင်က အချို့သော အိမ်တွင်းဆေးဝါးတွေကိုအသုံးပြုပြီးတာတောင်မှ အခြေအနေက တိုးတက်မလာဘူးဆိုရင်တော့ စနစ်တကျ ကုသမှုခံယူဖို့အတွက် အရေပြားဆရာဝန်ကို သွားပြပါ။
 
 
(ပိုပိုလေး)

11 Dec 2020     2,076 Views




RELATED

Most Popular of Health Fix

Most Popular of Life Style