BEC-TERO TV

Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

18 Dec 2020     2,141 Views


စိတ်အတက်အကျမြန်ရောဂါတစ်ခုဖြစ်တဲ့ Cyclothymia စိတ်ရောဂါကို Bipolar ရောဂါမဖြစ်ခင်မှာခံစားရလေ့ ရှိပါတယ်။ Bipolar လိုစိတ်အတက်အကျအရမ်းဆိုးဆိုးရွားရွားမဖြစ်တာကြောင့် သူ့ကိုအပျော့စားစိတ်ရောဂါ တစ်မျိုးအနေနဲ့ သတ်မှတ်ထားပြီး လူတိုင်း သိထားသင့်တဲ့စိတ်ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပါတယ်။
 

ဘာရောဂါလက္ခဏာတွေပြတတ်လဲ.. ?

Cyclothymia စိတ်ရောဂါမှာ စိတ်အရမ်းတက်ကြွတဲ့လက္ခဏာတွေနဲ့ စိတ်ဓာတ်ကျနေတဲ့လက္ခဏာတွေဆိုပြီး ပုံစံ (၂) မျိုး ပြသတတ်ပါတယ်။
 
အရမ်းတက်ကြွနေချိန်မှာဆိုရင်...
 
– အကြောင်းရင်းမရှိဘဲအရမ်းတွေပျော်ရွှင်နေမယ်
 
- အရာရာကိုအရမ်းအကောင်းမြင်နေမယ်
 
– ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေမယ်
 
– စကားတွေအရမ်းပြောမိမယ်
 
– ဂနာမငြိမ်ဖြစ်နေမယ်
 
– အလုပ်၊ လူမှုရေး၊ အချစ်ရေး ဘယ်လိုကိစ္စမှာမဆိုအာင်မြင်အောင်လုပ်နိုင်မယ်လို့ကိုယ့်ကိုယ်ကိုထင်နေမယ်
 
– အားအင်တွေအရမ်းပြည့်ဝနေပြီး အနားယူစရာတောင်မလိုဘူးလို့ယူဆမယ်
 
စိတ်ဓာတ်ကျနေချိန်မှာတော့...
 
– ဘာမှမစားချင်မသောက်ချင်ဖြစ်နေမယ်
 
– အပေါ်နဲ့ပြောင်းပြန်ကိုယ့်ကိုယ်ကိုဘာမှသုံးစားမရသူလို့ထင်နေမယ်
 
– ညဖက်ကောင်းကောင်းအိပ်မရဖြစ်လာမယ်
 
– ဘာမှလည်းမည်မည်ရရမလုပ်ဘဲ ပင်ပန်းနွမ်းနယ်နေသလိုခံစားရမယ်
 
– ကိုယ်အလေးချိန်လျော့ကျသွားမယ်
 
– တစ်ခါတစ်လေကိုယ့်ကိုယ်ကိုအဆုံးစီရင်မိဖို့အထိ စဉ်းစားမိနိုင်ပါတယ်
 
Cyclothymia ရောဂါကသိပ်မပြင်းထန်တဲ့အတွက် ဒီလက္ခဏာတွေခံစားရလည်းခဏပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရောဂါရှိသူအများစုကကိုယ့်ကိုယ်ကိုရောဂါရှိနေမှန်းတောင် သိပ်သတိမထားမိတတ်တာတွေ့ရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေမကြာခဏပေါ်လာတတ်ပြီး အနည်းဆုံး(၂)လကိုတစ်ကြိမ်ဒီလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 

Cyclothymia ရောဂါဘာ့ကြောင့်ဖြစ်ရသလဲ.. ?

စိတ်ရောဂါအများစုနည်းတူ Cyclothymia ဖြစ်ရတဲ့အကြောင်းရင်းကို အခုချိန်ထိ ရေရေရာရာမသိရှိရသေးပါဘူး။ သုတေသနတွေလည်း ပြုလုပ်ဆဲပါပဲ။ မိသားစုမျိုးရိုးထဲမှ ာစိတ်ရောဂါခံစားဖူးတဲ့သူ၊ ဦးနှောက်လုပ်ဆောင်ချက် သိပ်မမှန်တဲ့သူတွေနဲ့ စိတ်ဒဏ်ရာအကြီးအကျယ်ရဖူးသူတွေမှာ ပိုအဖြစ်များတာကိုတွေ့ရပါတယ်။
 

ရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲ.. ?

စိတ်ရောဂါတစ်ခုဖြစ်တာကြောင့် မကုသဘဲထားလေ နောက်ပိုင်းမှာပိုဆိုးတဲ့ရောဂါတစ်ခုအဖြစ်ပြောင်းလဲသွား နိုင်လေပါပဲ။ Cyclothymia စိတ်ရောဂါအပျော့စားကိုမကုသခဲ့ရင် နောက်ပိုင်းမှာ စိတ်အတက်အကျမြန် Bipolar ရောဂါအဆင့်ထိရောက်သွားဖို့ရာခိုင်နှုန်းများပါတယ်။ နောက်ပြီးရောဂါလက္ခဏာတွေကြောင့် ပုံမှန်လူမှုဆက်ဆံ ရေးနဲ့အလုပ်ကိစ္စတွေမှာ ထိခိုက်မှုတွေအများကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ ပိုဆိုးတာက လတ်တလောခံစားရတဲ့ ဝေဒနာတွေကို သက်သာချင်တဲ့စိတ်နဲ့ ဆေးလိပ်၊ အရက်လို မူးယစ်ဆေးဝါးတွေကို သုံးစွဲမိပြီး စွဲသွားနိုင်တာပါပဲ။ ဒီလိုနဲ့နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မိတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။
 

ရောဂါကိုဘယ်လိုရှာဖွေအတည်ပြုသလဲ.. ?

 
Cyclothymia ရောဂါဟုတ်မဟုတ်ကို ဒီအချက် (၃) ချက်နဲ့ အတည်ပြုပါတယ်..
 
၁ – စိတ်အတက်အကျဖြစ်တဲ့လက္ခဏာတွေကို (၂) နှစ်အတွင်းအနည်းဆုံးအချိန်တစ်ဝက်လောက်ခံစားရခြင်း
 
၂ – ရောဂါလက္ခဏာတွေပျောက်ကင်းချိန်က အချိန် (၂) လ ထက်မပိုခြင်း
 
၃ – စိတ်အတက်အကျလက္ခဏာတွေက မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောဂါဝေဒနာခံစားရမှု စတာတွေနဲ့ မသက်ဆိုင်ခြင်း
 
ဒီအချက် (၃) ချက်နဲ့ကိုက်ညီနေရင် အပျော့စားစိတ်အတက်အကျရောဂါခံစားနေရသူလို့ ယေဘုယျအနေနဲ့ သတ်မှတ်ပါတယ်။
 

ဘယ်လိုကုသနိုင်သလဲ.. ?

Cyclothymia စိတ်ရောဂါကိုကုသဖို့နည်းနည်းတော့ခက်ခဲပါတယ်။ အဓိကအကြောင်းကတော့ လက္ခဏာ အရမ်းမပြင်းထန်တဲ့အတွက် ကိုယ့်ကိုယ်ကိုရောဂါရှိတယ်လို့မယူဆကြပါဘူး၊ ဒီအတွက်ကြောင့်ကုသမှုခံယူဖို့လည်း တွန့်ဆုတ်တတ်ကြပါတယ်။ နောက်ပြီး Cyclothymia စိတ်ရောဂါကနာတာရှည်ရောဂါတစ်ခု ဖြစ်တဲ့အတွက် လုံးဝပျောက်ကင်းသွားအောင်ကုသဖို့မဖြစ်နိုင်သေးပါဘူး။ ကုသမှုရဲ့အဓိကရည်ရွယ်ချက်က ဝေဒနာခံစားရမှု နည်းနိုင်သမျှနည်းသွားပြီး ပုံမှန်လူတစ်ယောက်လိုသွားလာပြောဆိုဆက်ဆံနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလိုဖြစ်လာအောင် သောက်ဆေးတွေ၊ စိတ်ကျန်းမာရေးကုသမှုတွေဖြစ်တဲ့ အမူအကျင့်ကုထုံး၊ လူမှုဆက်ဆံရေးကုထုံးတွေ သုံးပြီး ကုသပေးလျက်ရှိပါတယ်။
 
Credit: Dr. Htoo Tint

18 Dec 2020     2,141 Views




RELATED

Most Popular of Health Fix

Most Popular of Life Style