BEC-TERO TV

အမျိုးသမီးများ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့...

19 Dec 2020     1,400 Views


ပုခက်လွှဲတဲ့ လက်ပိုင်ရှင် အမျိုးသမီး တွေဟာ အသက်အရွယ်တိုင်းမှာ ကျန်းမာနေဖို့ လိုပါတယ်။ ဒီနေ့လို ခေတ်အခါမှာ အိမ်ထောင်မှုထိန်းသိမ်းရတာတင်မဟုတ်ဘဲ အပြင်ထွက်ပြီး အလုပ်လုပ်၊ ရာထူးအကြီးပိုင်းတွေမှာပါ တာဝန်ယူလာကြတဲ့အတွက် အဖက်ဖက်က ဖိစီးမှုတွေက ဒုနဲ့ ဒေးပါပဲ။ ကျန်းမာတယ်လို့ ပြောဖို့ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာနေမှ ရမှာပါ။ မွေးစကစလို့ သွေးဆုံးချိန်အထိ အမျိုးသမီးလေးတွေ ကျန်းမာနေစေဖို့ ဘာတွေများ လုပ်နိုင်ကြမလဲ။
 
အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့....
 
လွယ်လွယ်ကူကူဖတ်လို့ရအောင် ၁၀ စုနှစ်ဆီ ဖြတ်ကြည့်ရအောင်။
 

မွေးစမှ ၁၀ နှစ်အထိ

မွေးစကနေ ၁၀နှစ်အထိကတော့ ကလေးတွေကို အတူတူပဲ ပြုစုပေးရမှာပါ။ လိုအပ်တဲ့ အာဟာရတွေ၊ ကာကွယ်ဆေးတွေ အပြည့်အစုံထိုးပေးရမှာပါ။ ခုဆိုရင် နိုင်ငံတော်ကနေပြီး အသက် ၉ နှစ်နဲ့ ၁၀ နှစ်အရွယ် မိန်းကလေးတွေကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးနေပါပြီ။ သားအိမ်ခေါင်းကင်ဆာက အဖြစ်များတဲ့ကင်ဆာဖြစ်ပြီး ဒီဆေးတွေက အပြင်မှာ ဝယ်ထိုးရင် သိန်းဂဏန်းနီးပါး ရှိတဲ့အတွက် မပျက်မကွက်ထိုးပေးဖို့ တိုက်တွန်းလိုပါတယ်။
 
ကျောင်းတက်တဲ့အရွယ် ဖြစ်တဲ့အတွက် ကျောင်းနေနိုင်ဖို့ကိုလည်း စီစဉ်ပေးရပါမယ်။ ဒီကလေးတွေက တစ်နေ့ မိခင်ဖြစ်လာမှာပါ။ မိသားစုကို ထိန်းကျောင်းရတဲ့သူတွေ ဖြစ်လာမှာပါ။ ကမ္ဘာမှာ Maternal Literacy မိခင် စာတတ်မြောက်နှုန်းဟာ ကလေးသေနှုန်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို လက်ခံထားကြပါတယ်။ မိခင်က ပညာမတတ်ရင် ကလေးကို ကောင်းကောင်းထိန်းကျောင်းနိုင်မှာ မဟုတ်ပါဘူး။ ခုထက်ထိကို အိမ်မှာ သားနဲ့ သမီးကို ယှဉ်ပြီး ကျောင်းနှုတ်ရမယ်ဆိုရင် သမီးကိုပဲ နှုတ်လိုက်ကြတာ များပါတယ်။ ဒါသတိထားသင့်တဲ့ အချက်ပါ။
 

၁၀ နှစ်မှ ၂၀ နှစ်

ပျိုဖော်ဝင်စ အရွယ်ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲလာပါပြီ။ ရာသီသွေး စတင်ပေါ်ပါပြီ။ ဒီလိုအပြောင်းအလဲတွေကို ကြိုတင်ပြီး ကျောင်းမှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် သင်ထားပေးဖို့လိုပါတယ်။ အသေးစိတ်ပြောရရင် ဒီလိုအချိန်မှာ
 
– ရာသီသွေးပေါ်တဲ့ရက်တွေကို မှတ်ထားရပါမယ်။
 
- သားဥကြွေချိန်၊ ကိုယ်ဝန်ရနိုင်တဲ့အချိန်တွေကို တွက်တတ်ရပါမယ်။ ဒါမှမဟုတ် အွန်လိုင်းကနေ ဘယ်လိုနည်းနဲ့ တွက်လို့ရသလဲဆိုတာ သိထားရပါမယ်။ 
 
– လိင်ပညာပေးကို သိနေရပါမယ်။ သင်ပေးထားရပါမယ်။ ဒါမှ မလိုချင်တဲ့ ကိုယ်ဝန်ရတဲ့ကိစ္စတွေ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာပါ။
 
- ပျိုဖော်ဝင်ချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်အပြောင်းအလဲတွေကို ထိန်းချုပ်နိုင်အောင်လည်း သင်ထားပေးရပါဦးမယ်။
 

၂၀ နှစ်ကနေ ၃၀ နှစ်

ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်စအရွယ်လည်း ဖြစ်နိုင်သလို အိမ်ထောင်ကျတဲ့အရွယ်လည်း ဖြစ်ပါတယ်။ လူကြီးတစ်ပိုင်းဖြစ်လာတာကြောင့် အရင်ကထက် ပိုပြီး စိတ်ဖိစီးတွေ ဖြစ်လာနိုင်တာ အမှန်ပါပဲ။ ဒီအရွယ်မှာတည်းက နောင်ဖြစ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ကြိုတင်တွေးပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
 
- လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်နိုင်အောင် လေ့လာထားရပါမယ်။
 
- အိမ်ထောင်ပြုမယ်ဆိုရင်လည်း ကိုယ်ဝန်ကိစ္စတွေ၊ ကလေးမီးဖွားဖို့ ကိစ္စတွေကို စီစဉ်ထားရမှာပါ။ ကလေးမယူသေးဘူးဆိုရင်လည်း သင့်တော်တဲ့ သားဆက်ခြားနည်းတွေကို သုံးနိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေကိုလည်း ကိုင်တွယ်တတ်အောင် သင်ယူထားသင့်ပါတယ်။
 
- ကျန်းမာရေးအနေနဲ့လည်း တစ်လတစ်ခါ မိမိရင်သားကို စမ်းသပ်ရပါမယ်။ ရာသီသွေး ပုံမှန်ဟုတ်မဟုတ်ကို စောင့်ကြည့်ရပါမယ်။ သားအိမ်ခေါင်းကာကွယ်ဆေး မထိုးရသေးရင် ထိုးတားသင့်ပါတယ်။ ကာကွယ်ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ၂၅ နှစ်ကျော်၊ လိင်ဆက်ဆံမှုလည်း ရှိတယ်ဆိုရင် HPV ဗိုင်းရပ်စ်ရှိမရှိကို ပုံမှန်စစ်ပေးရပါမယ်။ မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးတဲ့သူရှိတယ်ဆိုရင် ကင်ဆာအမျိုးအစားအလိုက် စောစောစီးစီး ဆေးစစ်ထားသင့်ပါတယ်။ မျိုးရိုးရှိရင် သူများထက် ပိုဖြစ်နိုင်ခြေများတဲ့အတွက်ကြောင့်ပါ။
 

၃၀ နှစ်ကနေ ၄၀ နှစ်

လုပ်ငန်းခွင်ထဲမှာ နေရာတစ်ခုရနေတာလည်း ဖြစ်နိုင်သလို အိမ်မှာဆိုလည်း ကလေးများရဲ့ မေမေတာဝန်ကို ယူထားရသူလည်း ဖြစ်နိုင်ပါတယ်။ အလုပ်နဲ့ မိသားစုကို မျှမျှတတ အချိန်ပေးနိုင်ဖို့ ကြိုုးစားရတော့မှာပါ။ ကလေးလေးရှိနေတယ်ဆိုရင် ကလေးကို ပြုစုစောင့်ရှောက်ဖို့ပါ အချိန်ပေးရတော့မှာပါ။ နည်းစနစ်တကျ ပြုစုစောင့်ရှောက်နိုင်ဖို့ သင်ယူရတော့မှာပါ။
 
ဒီနှစ်အပိုင်းအခြားတွေမှာ မိသားစုနဲ့ အလုပ်ကိုပဲ ဦးစားပေးနေရတာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ် ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒါကြောင့် ဒီနှစ်ပိုင်းတွေမှာ ရောဂါဖြစ်ရင် အမျိုးသမီးတွေ သတိမထားမိဘဲ နောက်ကျတဲ့အချိန်ရောက်မှ သတိထားမိကြပါတယ်။
 
ဒီကာလအပိုင်းအခြားမှာ...
 
- အိမ်ထောင်ပြုမယ်၊ ကလေးမွေးမယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ရတော့မှာပါ။
 
- အလုပ်နဲ့ မိသားစုနဲ့ ပတ်ချာလည်နေတဲ့အတွက် စိတ်ဖိစိးမှုတွေ၊ စိတ်ဓာတ်ကျတာတွေက တခြားအချိန်တွေထက် ပိုဖြစ်တတ်ပါတယ်။ သတိထားပြီး ဂရုစိုက်ပေးပါ။
 
- ကျန်းမာရေးမှာဆိုရင်လည်း အရင်စစ်နေကျ ရင်သားစစ်ဆေးတာတွေ၊ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ် စစ်ဆေးတာတွေ၊ မျိုးရိုးလိုက် ကင်ဆာ စစ်ဆေးတာတွေကို ဆက်စစ်ပေးပါ။
 
- စိတ်ဖိစီးတာတွေ၊ အလုပ်များတာတွေကြောင့် အဝလွန်လာတတ်တာ ဒီအရွယ်တွေပါပဲ။ ဒါကြောင့် အဝမလွန်အောင် နေထိုင်စားသောက်ပါ။ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်၊ နှလုံးရောဂါ စတာတွေကို တစ်နှစ် တစ်ခါလောက် စစ်ပေးပါ။ မျိုးရိုးရှိရင် ပိုစစ်သင့်ပါတယ်။
 

၄၀ နှစ်နဲ့ ၅၀ နှစ်

သွေးဆုံးချိန်အရွယ်ကို ဦးတည်လာပြီဖြစ်တဲ့အတွက် ပျိုဖော်ဝင်စကလိုပဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ အပြောင်းအလဲတွေ ကြုံရဦးမှာပါ။ ကျန်းမာရေးပိုင်းကို အရင်ကထက်ပိုပြီး ကြပ်မတ်ဖို့ လိုလာပါပြီ။
 
- ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသဖြင့် မရှိသေးရင် တစ်နှစ်တစ်ခါ စစ်ဆေးပါ။ ရှိနေပြီဆိုရင် စနစ်တကျ ကုသမှု ခံယူပါ။
 
- ရင်သားကင်ဆာအတွက် လက်နဲ့ စမ်းတာထက်စာရင် ရင်သားဓာတ်မှန်ရိုက်ဖို့ သင့်ပါပြီ။ သားအိမ်ခေါင်းကင်ဆာ ဆက်စစ်ပါ။ တခြားမျိုးရိုးရှိတဲ့ကင်ဆာတွေ၊ အဖြစ်များတဲ့ အူမကြီးကင်ဆာလိုမျိုးတွေကိုလည်း မပျက်မကွက်စစ်ပေးပါ။
 
- သွေးဆုံးချိန်မှာ ကြုံလာရနိုင်တဲ့ ဟော်မုန်းအပြင်းအလဲဖြစ်တာတွေကို ကြိုလေ့လာထားပါ။ ကြိုသိထားတော့ ဘယ်ဟာက ဖြစ်လေ့ရှိတာလဲ။ ဘယ်ဟာက ကိုယ့်ဆီမှာ ထူးဆန်းတဲ့ လက္ခဏာလည်းဆိုတာ သိနိုင်ပါတယ်။
 
- ကလေးများများ မွေးထားတဲ့ အမျိုးသမီး တွေဆိုရင် ဒီလိုအရွယ်မှာ သားအိမ်ကျတာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။
 
- တစ်နှစ်တိတိ ရာသီမလာမှ သွေးဆုံးတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတဲ့ ကိစ္စဟာ ပေါ့လို့မရဘူး ဆိုတာရောပေါ့။
 

၆၀ နှစ်နဲ့အထက်

ကိုယ်ထဲမှာလည်း သားဥအိမ်လေးက အနားယူပြီဖြစ်သလို အပြင်မှာလည်း ပင်စင်ယူပြီး အေးအေးဆေးဆေး နေရမယ့် အချိန်ပေါ့။ စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ကလွဲပြီး ဘာမှ အရေးမကြီးတော့ပါဘူး။
 
- ရောဂါအခံတွေများ ရှိနေခဲ့ရင် ပိုဆိုးမလာအောင် ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကုသမှုခံယူဖို့ လိုပါတယ်။ ဘာရောဂါမှ မရှိရင်တော့ မင်္ဂလာပေါ့။ ပုံမှန်ကျန်းမာရေးလေး စစ်ဆေးနေရုံပါပဲ။
 
- အပိုဆောင်းအနေနဲ့ ဒီအရွယ်မှာ မျက်စိ၊ သွားနဲ့ အရိုးကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါမယ်။
 
- အထီးကျန်ဝေဒနာ၊ မှတ်ဉာဏ်ချို့ယွင်းတဲ့ ပြဿနာတွေ ဖြစ်လာနိုင်လို့ မိသားစုက ကူညီဖေးမပေးဖို့ လိုပါတယ်။
 
အသက်အရွယ်တိုင်းမှာ ကျန်းမာနေဖို့ဆိုရင်...
 
- အာဟာရပြည့်အောင် စားသောက်ပါ။
 
- လှုပ်လှုပ်ရှားရှားနေပါ။
 
- အိပ်ရေးဝအောင် အိပ်ပါ။
 
- အဝမလွန်ပါစေနဲ့။
 
- စိတ်ဖိစီးမှု မများပါစေနဲ့။
 
- အသက်အရွယ်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေ၊ ကျန်းမာရေး စစ်ဆေးချက်တွေကို မပျက်မကွက် လုပ်ပါ။
 
- ဆေးလိပ်၊ အရက်ရှောင်ပါ။
 
ဒီလိုလေး စောင့်ရှောက်ပေးမယ်ဆိုရင် အမျိုးသမီးတိုင်းက အသက်အရွယ်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်မှာပါ။
 
Credit:

19 Dec 2020     1,400 Views




RELATED

Most Popular of Health Fix

Most Popular of Life Style