BEC-TERO TV

ကလေးတွေ သံဓာတ်ပြည့်ဝနေစေဖို့ နေ့စဉ်အာဟာရထဲမှာ ဘာတွေကျွေးမွေးကြမလဲ... ?

20 Dec 2020     1,414 Views


သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ ကလေးတွေမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့မှုအကြောင်း မပြောခင် သံဓာတ်က ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအပေါ် ဘယ်လိုကောင်းကျိုးပေးစွမ်းနိုင်လဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။
 

သံဓာတ်နဲ့ ကျန်းမာရေး

သံဓာတ်ဆိုတာ လူတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်က သံဓာတ်ကို အဆုတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ အောက်စီဂျင်အရောက် ပို့ဆောင်ပေးဖို့အတွက် သွေးနီဆဲလ်များထဲက ဟီမိုဂလိုဘင် (Hemoglobin) ဆိုတဲ့ ပရိုတင်းအဖြစ် ချက်လုပ်ပေးတယ်။
 
ကြွက်သားများဆီသို့ အောက်စီဂျင် ပို့ဆောင်ပေးတဲ့ မိုင်ယိုဂလိုဘင် (Myoglobin) အဖြစ်လည်း ချက်လုပ်ပေးပါတယ်။
 
အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ဖြစ်တဲ့ ကလေးတစ်ယောက်အတွက် ကြီးထွားမှုကို အထောက်အပံ့ပေးတဲ့ သံဓာတ်ကို ပိုပြီးလိုအပ်ပါတယ်။
 

ဘာကြောင့် ကလေးတွေမှာ သံဓာတ်ကို ပိုမိုလိုအပ်တာလဲ.. ?

ကလေးတွေ အရွယ်မရောက်ခင်မှာ ကောင်းစွာ အရပ်ရှည်ပြီး ကြီးထွားဖွံ့ဖြိုးစေဖို့ သံဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကလေးတစ်ယောက် သံဓာတ်ပြည့်ဝနေမှသာ အသက်အရွယ်အလိုက် အရပ်ရှည်ထွက်လာမယ်၊ ကိုယ်အလေးချိန် ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာမယ်၊ ဦးနှောက်ဉာဏ်ရည်နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းမြင့်တက်လာမယ်၊ စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က ကောင်းစွာစုပ်ယူပေးနိုင်တဲ့အတွက် ပိုပြီးကျန်းမာလာမယ်၊ အမောခံနိုင်တဲ့အတွက် တစ်နေ့တာလုံး လန်းဆန်းနေစေမှာပါ။
 
သံဓာတ်ချို့တဲ့သည့် ကလေးတစ်ယောက်ဟာ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် လူကောင်သေးညှက်နေတာ၊ အားမရှိသလို ဖြူဖတ်ဖြူရော် ဖြစ်တာ၊ အရပ်မထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေကိုပါ မြင့်တက်လာစေနိုင်ပြီး ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေဆုံးနိုင်ပါတယ်။
 

ကလေးတွေ သံဓာတ်ချို့တဲ့လာတဲ့ နောက်ကွယ်အကြောင်းရင်းများ

၁။ ကလေးတွေ ဒဏ်ရာအနာတရဖြစ်ပြီး သွေးအလွန်အကျွံထွက်တဲ့အခါ သံဓာတ်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ အကြောင်းရင်းက သွေးထဲမှာရှိတဲ့ သွေးနီဆဲလ်တွေထဲမှာ သံဓာတ်ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဒီတော့ သွေးဆုံးရှုံးမှုနဲ့အတူ ခန္ဓာကိုယ်ထဲက သံဓာတ်တွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။
 
၂။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်လုံလောက်စွာ မစားသုံးတဲ့အခါ နှစ်ရှည်လများစွာ ကြာလာတာနဲ့အမျှ သံဓာတ်ချို့တဲ့မှုဖြစ်ပြီး သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။
 
၃။ Celiac Disease လိုမျိုး ဂလူတန်နဲ့ ဓာတ်မတည့်တဲ့ အူသိမ်ရောဂါရှိတဲ့ ကလေးတွေမှာ ချေဖျက်ပြီးသားအစားအစာတွေကနေ သံဓာတ်တွေကို အစာအိမ်က ကောင်းစွာမစုပ်ယူပေးနိုင်တဲ့အတွက် သံဓာတ်ချို့တဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။
 
သံဓာတ်ချို့တဲ့မှုရဲ့ လက္ခဏာများ
မောပန်းလွယ်ခြင်း
အားမရှိသလို ဖြစ်ခြင်း
အသားအရောင် ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
ရင်ဘတ်အောင့်ခြင်း
နှလုံးခုန်မြန်ခြင်း
အသက်ရှူမဝခြင်း၊ အသက်ရှူတဲ့အခါ ပြတ်တောင်း ပြတ်တောင်း ဖြစ်ခြင်း
ခေါင်းမူးခြင်း
ခြေ၊ လက်များ အေးစက်နေခြင်း
လျှာတစ်ဝိုက်ပြီး နီရဲရောင်ရမ်းပြီး နာကျင်မှုကို ခံစားရခြင်း
လက်သည်း၊ ခြေသည်း ကြွပ်ဆတ်ပြီး ကျိုးပဲ့ရန်လွယ်ကူခြင်း
ပုံမှန်မဟုတ်တဲ့ အရာများကို စားချင်လိုတဲ့ စိတ်များဖြစ်ပေါ်ခြင်း
အစားအသောက်ပျက်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်
 
ကနဦးအစပိုင်းမှာ သံဓာတ်ချို့တဲ့တဲ့ ကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာသည် ပြင်းထန်ခြင်းမရှိတဲ့အတွက် မိဘများက သာမန်နေမကောင်းဖြစ်တာပဲလို့ ထင်ပြီး သတိမပြုမိတတ်တာမျိုးတွေ ရှိပါတယ်။ ကလေးအသက်ကြီးလာတာနဲ့အမျှ သံဓာတ်တွေ ပိုမိုလိုအပ်လာသလို သံဓာတ်ရရှိမှု မလုံလောက်တဲ့အခါမှာ ခန္ဓာကိုယ်က ပြင်းထန်တဲ့ တုံ့ပြန်လက္ခဏာတွေကို ပြလာနိုင်ပါတယ်။
 

ကလေးတွေရဲ့ သံဓာတ်စုပ်ယူမှုကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ.. ?

၁။ အဓိက သံဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ကျွေးပေးပါ။
 
အသည်း၊ အနီရောင်ရှိတဲ့ အသားများ၊ ပင်လယ်စာများ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်များ၊ အချဉ်ဓာတ်များတဲ့ အသီးအနှံများကို များများကျွေးပေးဖို့ လိုအပ်ပါတယ်။ နွားနို့ဟာ သံဓာတ်ကြွယ်ဝပေမယ့် တစ်နေ့ကို ၂ခွက်ထက် ပိုပြီးမသောက်သင့်ပါဘူး။
 
၂။ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေကို များများကျွေးပေးပါ။
 
ဗီတာမင် စီဓာတ်ဟာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရုံသာမက ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုအားကိုလည်း မြှင့်တင်ပေးနိုင်လို့ စားလိုက်တဲ့အစားအစာတွေကနေ သံဓာတ်ကို လုံလောက်စွာ ရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဘာတွေကို ကျွေးပေးရမလဲဆိုရင်
 
ပန်းဂေါ်ဖီ
စပျစ်သီး
စတော်ဘယ်ရီသီး
ခရမ်းချဉ်သီး
လိမ္မော်သီး
သံပရာသီး၊ သံပရိုသီး
ငရုတ်ပွ
ကီဝီသီး စတာတွေကို များများကျွေးပေးလို့ ရပါတယ်။
 
၃။ မိခင်နို့နဲ့ ဖြည့်စွက်စာနို့မှုန့်အာဟာရကို တွဲဖက်တိုက်ကျွေးပါ။
 
ကလေးတွေ အသက် ၆ လပြည့်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရပါမယ်။ မိခင်နို့မှာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို ကလေးတွေ လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်စွမ်းပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ အသက် ၆ လကျော်သွားရင် ကလေးတွေရဲ့ အာဟာရလိုအပ်ချက်ပိုများလာတာကြောင့် မိခင်နို့အပြင် သံဓာတ်၊ DHA၊ Omega-3 ပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ အာဟာရနို့မှုန့်တွေကိုပါ တွဲဖက်ကျွေးပေးပါ။
 
၄။ တစ်နေ့တာ အစာအုပ်စုကို မျှတစွာ ကျွေးပါ။
 
အပေါ်မှာ ပြောပြခဲ့တဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေအပြင် ဟင်းသီးဟင်းရွက်တွေကိုလည်း လုံလောက်စွာ ကျွေးဖို့ မမေ့ပါနဲ့။ ဂျုံကြမ်းပေါင်မုန့်တွေ၊ လတ်လတ်ဆတ်ဆတ် အသီးအနှံများကို အချိုဓာတ် မဖြည့်စွက်ဘဲ ဖျော်စက်နဲ့ ကျိတ်ပြီး သစ်သီးဖျော်ရည်တိုက်တာ၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရောပြီးချက်တာမျိုး အစရှိသဖြင့် ကျွေးလို့ရပါတယ်။
 
၅။ သံဓာတ်အားဆေး တိုက်ကျွေးပါ။
 
ကိုယ့်ရဲ့ ကလေးက အစားရွေးတယ်၊ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ သိပ်မစားဘူး ဒါမှမဟုတ် သံဓာတ်စုပ်ယူမှု အားနည်းတယ်လို့ မိဘတွေအနေနဲ့ သံသယရှိရင် ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီး ကလေးတွေအတွက် လိုအပ်တဲ့ သံဓာတ်အားဆေးတွေကို တိုက်ပေးလို့ ရပါတယ်။ သံဓာတ်ဟာ နည်းရင်လည်း မကောင်းသလို များလွန်းရင်လည်း ဒုက္ခဖြစ်စေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် သံဓာတ်အားဆေး ဝယ်သောက်တာမျိုးထက် ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့ လိုအပ်တဲ့ သံဓာတ်ပမာဏ ပါဝင်တဲ့ အားဆေးတွေကိုသာ တိုက်ကျွေးကြဖို့ အကြံပေးလိုပါတယ်။
 
မိဘတွေလည်း ကိုယ်ချစ်ရတဲ့ သားသားမီးမီးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တယ်ဆိုရင် တစ်နေ့တာ သံဓာတ်စားသုံးမှုပမာဏကို မမေ့လျော့နဲ့ သေချာဂရုစိုက်ဖို့ အကြံပေးလိုက်ပါတယ်။
 
Credit:

20 Dec 2020     1,414 Views




RELATED

Most Popular of Health Fix

Most Popular of Life Style