BEC-TERO TV

မျိုးဗီဇသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လန်ဒန်မှာLockdownလုပ်

21 Dec 2020     1,402 Views


ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇသစ် တစ်မျိုး ပြန့်ပွားနေတာကြောင့် လန်ဒန်မြို့ နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းဒေသ အများစုမှာ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်တွေကို တိုးမြင့်ချမှတ်လိုက်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ကြေညာလိုက်ပါတယ်။ စနေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် Johnsonက အဲဒီလို ကြေညာလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကျန်းမာရေးဝန်ကြီး Matt Hancock က ကိုဗစ်မျိုး ဗီဇ သစ်တစ်မျိုးကိုတွေ့ရှိထားကြောင်းနဲ့ ဒါဟာ အင်္ဂလန် အရှေ့တောင်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရုတ်တရက်ပြင်းထန်လာတာနဲ့ ဆက်စပ်နေနိုင်ဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ မဖြစ်မနေသွားရမယ့် ခြွင်းချက်ကိစ္စ ဒါမှမဟုတ် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခုကြောင့် အပြင်သွားတာက လွဲလို့ ပြည်သူတွေ လုံးဝအိမ်ပြင်မထွက်ရ ဘူးလို့ စီမံချက်သစ်နဲ့ ကန့်သတ်လိုက်ပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်း တွေရောင်းတဲ့ဆိုင်ကလွဲပြီး တခြားဆိုင်တွေအားလုံးကိုလည်း ပိတ်ထားရပါ မယ်။ ဒါဟာ ပြီးခဲ့တဲ့ လက အင်္ဂလန်တစ်လွှားမှာချမှတ်ခဲ့တဲ့ lockdown နဲ့ အလားတူ ဖြစ်ပါတယ်။ ကိုဗစ်မျိုးဗီဇသစ်ကြောင့် ကူးစက်မှုတွေ ပြင်းထန် လာနေပုံရတယ်လို့ Mr. Johnsonကပြောပါတယ်။ အတိအကျ မပြောနိုင်ဘူး ဆိုပေမဲ့ မူရင်းဗိုင်းရပ်စ်ပိုးထက် ကူးစက်နိုင်စွမ်း ၇၀ရာခိုင်နှုန်းအထိ ပိုပြင်းနိုင် ဖွယ်ရှိတယ်လို့ သူကဆိုပါတယ်။

အဲဒီ ရောဂါပိုးမျိုးဗီဇသစ်ကြောင့် ရောဂါပိုပြင်းထန်စေတာ ဒါမှမဟုတ် ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လျော့ကျစေတာကိုပြတဲ့ အထောက်အထား တွေ မတွေ့ရသေးဘူးလို့လည်း ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ အစိုးရရဲ့ မူလအစီအစဉ်အရ အင်္ဂလန်မှာ ခရစ္စမတ်ကာလအတွင်း အိမ်ထောင်စု ၃စု အထိ စုဝေးခွင့်ပြုဖို့ ရည်ရွယ်ပြီး လာမည့်ဗုဒ္ဓဟူးနေ့ကနေ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ၅ ရက်တာ လျှော့ချဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့၊ အခုတော့ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ အဲဒီအစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီဖြစ်ပြီး တခြားဒေသတွေမှာတော့ ခရစ္စမတ်နေ့တစ်ရက်ပဲ မိသားစု စုဝေးခွင့်ပြုမှာ ဖြစ်ပါတယ်။

Source – NHK MRTV


21 Dec 2020     1,402 Views




RELATED

Most Popular of International News

Most Popular of NEWS