BEC-TERO TV

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာဘာလဲ... ?

21 Dec 2020     1,585 Views


ဝက်ခြံလို့ ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံက ဒီတစ်မျိုးတည်း မဟုတ်ပါဘူး။
 
ဆားဝက်ခြံလို့ခေါ်တဲ့ အဆံမဲမဲလေးတွေ ထွက်တာမျိုး ရှိသလို အခုပြောပြမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေလည်း ရှိပါတယ်။
 
မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို အများစုက အဆီဖုလေးတွေနဲ့ မှားတတ်ကြပါတယ်။ ဒီတော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။
 

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံ

လူတော်တော်များများက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံဟာ အခြားဝက်ခြံတွေနဲ့ မတူသလို ကုသတဲ့ နည်းလမ်းလည်း မတူဘူးဆိုတာကို မသိကြပါဘူး။ ပုံမှန် ဝက်ခြံအတွက် သုံးတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းလေးတွေကို သုံးလိုက်ရင် ပျောက်သွားမယ်လို့ ယူဆနေကြပါတယ်။
 
တကယ်ကတော့ ပုံမှန် ဝက်ခြံတွေကို သက်သာစေတဲ့ နည်းလမ်းက မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံအတွက် ထိရောက်မှု မရှိပါဘူး။ အခန့်မသင့်ရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံကို ပိုတောင်ဆိုးစေနိုင်ပါသေးတယ်။
 
ဒီတော့ ဝက်ခြံကို ကုသမှု မလုပ်ခင် ရိုးရိုး ဝက်ခြံလား မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံလားဆိုတာကို သိရှိဖို့ လိုပါမယ်။ အခုလို လက္ခဏာလေးတွေ ရှိမယ်ဆိုရင်တော့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပါ။
 

အရွယ်အစား 

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံလေးတွေက အရွယ်အစား တူကြပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံက အရွယ်အစား အမျိုးမျိုး ရှိပြီး ထိပ်နားမှာ ပြည်လို အဆံဖြူဖြူတွေ ရှိနေတတ်ပါတယ်။
 

နေရာ

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက လက်မောင်း၊ ရင်ဘတ်၊ နောက်ကျောတွေမှာ အပေါက်များပါတယ်။ မျက်နှာ အထူးသဖြင့် နဖူးမှာ အပေါက်များပါတယ်။
 

ယားယံတယ်

သာမန် ဝက်ခြံတွေက မယားယံပေမယ့် မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံကတော့ ယားယံတာမျိုး ခံစားရစေနိုင်ပါတယ်။
 

အစုလိုက် ပေါက်တယ်

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက အခြား ဝက်ခြံတွေနဲ့ မတူဘဲ အစုလိုက် ပေါက်တတ်ကြပါတယ်။ အဖြူဆံလေးတွေလို အဖုသေးသေးလေးတွေ အစုလိုက် ပေါက်နေတယ်ဆိုရင်တော့ အဆီဖု မဟုတ်သလို ဆားဝက်ခြံလည်း မဟုတ်တဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပါ။
 
နောက်ထပ် သိနိုင်တဲ့ လက္ခဏာတစ်ခုက မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ မှိုပိုးကူးစက်ခံရတဲ့ အခြား လက္ခဏာတွေ ဖြစ်တဲ့ ဗောက်ထတာ၊ ဆိုရီရေးစစ် အရေပြားပြဿနာတွေကိုပါ ခံစားရနိုင်ပါသေးတယ်။
 
မျက်နှာ အပါအဝင် ခန္ဓာကိုယ်ပေါ်မှာ အဖုသေးသေးလေးတွေပေါက်မယ်။ ယားယံမယ်။ အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူနေမယ်ဆိုရင် မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံပြဿနာကို ခံစားနေရတာပါ။
 
ဒီလိုလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ စနစ်တကျ အရေပြားဆိုင်ရာဆရာဝန်ပြသတိုင်ပင်ပြီး ကုသတာအကောင်းဆုံးပါပဲ။
 
Credit:

21 Dec 2020     1,585 Views




RELATED

Most Popular of Health Fix

Most Popular of Life Style