BEC-TERO TV

လွဲမှားနေသော ကျန်းမာရေးအယူအဆများ

22 Dec 2020     1,519 Views


အယူတိမ်းရင် နတ်စိမ်းဖြစ်တယ်လို့ စာချိုးလေးကြားဖူးပါတယ်။ တခြားကိစ္စတွေမှာ မပြောတတ်ပေမယ့် ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ အယူအဆလွဲမှားခြင်းဟာ အနှေးနဲ့အမြန် နတ်စိမ်းဘဝကို ပို့ဆောင်ပေးနိုင်တဲ့ အရေးကြီးပြဿနာတွေ ဖြစ်ပါတယ်။ ဒီခေတ်မှာ အင်တာနက် ပိုမိုတွင်ကျယ်လာတာနဲ့အမျှ (ခေတ်စကားနဲ့ ပြောရရင် တစ်ရာဖိုး သုံးပုဒ်တန်တွေက) အွန်လိုင်းပေါ်မှာ ဗွက်ပေါက်သလို ပေါက်လာပြီး တချို့သော အရေးအသားတွေဟာ ပညာရှင်ရှုထောင့်က ကြည့်ရင် လွဲချော်နေတာမို့ စာဖတ်သူတွေ အမှတ်မမှား၊ အယူအဆမလွဲရလေအောင် စုဆောင်းမျှဝေပေးလိုက်ပါတယ်။
 

၁။ တစ်နေ့ကို ရေရှစ်ခွက်တိတိသောက်ပါ။

တစ်နေ့တစ်နေ့ ရေဘယ်လောက်သောက်တယ်ရယ်လို့တော့ တာလီချိုးပြီး မှတ်ထားစရာမလိုပါဘူး။ ရေဆာတဲ့အချိန်တိုင်း၊ သင့်ခန္ဓာကိုယ်က တောင့်တတဲ့အချိန်တိုင်း မပျက်မကွက်သောက်ပေးရုံနဲ့ ရေဓါတ်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ပါတယ်။ စွပ်ပြုတ်ရည်တွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေဟာလည်း ရေဓါတ်ပေးစွမ်းနိုင်ပါသေးတယ်။ ဒါပေမယ့် သင့်ဆီးရောင်က ဝါကျင့်ကျင့်ဖြစ်နေတယ်၊ ဆီးသွားနည်းတယ်၊ ချွေးအထွက်များတဲ့ အလုပ်တွေကို လုပ်နေရတယ်၊ ပူအိုက်တဲ့ ရာသီဥတုမှာနေထိုင်တယ်ဆိုရင်တော့ ရေများများပိုသောက်ပေးဖို့ လိုပါလိမ့်မယ်။ အရောင်မရှိဘဲ ကြည်လင်တဲ့ ဆီးဟာ သင့်ခန္ဓါကိုယ်အတွင်း ရေဓါတ်ပြည့်ဝလျက်ရှိကြောင်း သက်သေပါပဲ။
 

၂။ ကြက်ဥဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်။

ကြက်ဥကြော်ကြိုက်သူတွေ တွန့်မသွားကြပါနဲ့။ ဒီစကားဟာ မမှန်ပါဘူး။ တစ်နေ့ကို ကြက်ဥတစ်လုံး၊ နှစ်လုံးစားရုံနဲ့တော့ ဘာမှ မဖြစ်ပါဘူး(အလုံးငါးဆယ်လောက်စားရင်တော့ တမျိုးပေါ့လေ)။ ကြက်ဥအနှစ်ဟာ ကိုလက်စထရောတက်စေတယ်ဆိုတာမှန်ပေမယ့် ပြောပလောက်အောင် မဟုတ်ပါဘူး။ ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်တော့ ရှောင်သင့်ပါတယ်။ ဒါ့အပြင် ကြက်ဥမှာ အိုမီဂါ -3 လိုမျိုး နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓါတ်တွေတောင် ပါနေပါသေးတယ်။ ဥကြိုက်တဲ့ ကိုကို၊ မမတို့ ရဲရဲသာစားပါ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိချပ်ပေါ့။
 

၃။ လေအေးများများခံရင် ဖျားမယ်။

သင့်ဖွားဖွားရဲ့ ဩဝါဒတွေကို ဒီနေရာမှာ ခဏ မေ့ထားလိုက်ပါ။ လေအေးတွေအများကြီးခံတိုင်း သင်မဖျားပါဘူးတဲ့။ ကျန်းမာတဲ့ အမျိုးသားတွေကို ရေခဲမှတ်အထက် နည်းနည်းလေးပဲပိုများတဲ့ အပူချိန်မှာ အချိန်အတန်ကြာနေခိုင်းပြီး စမ်းသပ်တဲ့အခါ သူတို့ခန္ဓာကိုယ်ရဲ့ ဗိုင်းရပ်စ်ပိုးတိုက်ထုတ်တဲ့ စွမ်းအင်က ပိုလို့တောင် တိုးလာပါသေးတယ်လို့ လေ့လာမှုတခုက ဆိုပါတယ်။ တကယ်တမ်းကျတော့ အိမ်ထဲမှာ နေတာကမှ ရောဂါပိုးမွှားတွေ ကူးစက်နိုင်ချေများတာပါလို့ သိရပါတယ်။
 

၄။ ဗီတာမင်အားဆေးတွေကို နေ့စဉ်သောက်သင့်တယ်။

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ မပါဝင်တဲ့ ဗီတာမင်ဓါတ်တွေကို ရရှိနိုင်ဖို့အတွက် ဖြည့်စွက်အားဆေးတွေကို ပုံမှန်သုံးစွဲသင့်တယ်လို့ သင်ကြားဖူးကောင်းကြားဖူးမှာဖြစ်ပေမယ့် သုတေသီတွေကတော့ ဒီအချက်ကို ရာနှုန်းပြည့်လက်မခံပါဘူး။ ဒါပေမယ့် သင့်ဆရာဝန်က လိုအပ်လို့ ညွှန်ကြားရင်တော့ သုံးစွဲရမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင်လည်း သင့်ကလေးမှာ မွေးရာပါကိုယ်လက်အင်္ဂါချို့တဲ့မှုတွေကို ကာကွယ်ပေးဖို့အတွက် ဖောလစ်အက်ဆစ်ကို သောက်သုံးပေးရပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဗီတာမင်တွေကို ဆေးတွေကနေ ရယူတာထက် အသားငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့အဆံ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ စတဲ့အစားအစာတွေကနေပဲ ရယူသင့်ပါတယ်။
 

၅။ နှပ်အစိမ်းရောင်တွေထွက်ရင် ကူးစက်ပိုးဝင်နေပြီ။

ဒီအချက်ဟာ ယေဘုယျအားဖြင့် မငြင်းသာပေမယ့် နှပ်ချေးအစိမ်းရောင်တွေ့တိုင်း ကူးစက်ပိုးဝင်နေပြီလို့ ကံသေကံမ မပြောနိုင်ပါဘူး။ ဓါတ်ခွဲစစ်ဆေးပြီးမှသာ ကျိန်းသေပေါက် ဆိုနိုင်မှာပါ။ တစ်ခါတရံ ပုံမှန်အအေးမိရင်ကိုပဲ နှပ်အစိမ်းရောင်တွေ ထွက်လာတတ်တာမို့ အရမ်းကြီး မစိုးရိမ်ပါနဲ့။
 

၆။ အများသုံးအိမ်သာခွက် (ဘိုထိုင်ခွက်) တွေကနေ ရောဂါတွေ ကူးစက်နိုင်တယ်။

ဒါဟာလည်း အများစု အမှတ်မှားကြတဲ့ အယူအဆတစ်ခုပါ။ အများသုံး အိမ်သာခွက်ကို တစ်ရှူးနဲ့အုပ်ပြီးမှ သုံးတာ အကောင်းဆုံးဖြစ်ပေမယ့် မအုပ်ဖြစ်လိုက်ဘူးဆိုရင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့။ အိမ်သာခွက်ဟာ ယေဘုယျအားဖြင့် သန့်ရှင်းပါတယ်။ တကယ်တမ်း သင့်ကို ဒုက္ခပေးမှာက အိမ်သာတံခါး၊တံခါးလက်ကိုင်နဲ့ ကြမ်းပြင်တွေဖြစ်ပြီး E.coli,norovirus အစရှိတဲ့ ဗိုင်းရပ်စ်ပိုး၊ဘက်တီးရီးယားပိုးတွေ အပြည့်အနှက်ရှိနေနိုင်ပါတယ်။ သူတို့တွေဟာ သင့်ကို ဗိုက်အောင့်ဗိုက်နာဖြစ်စေမှာပါ။ ဒါကြောင့် အိမ်သာတံခါးတွေ၊ တံခါးလက်ကိုင်တွေကို ကိုင်တွယ်ပြီးတိုင်း ရေစင်စင်ဆေးပါ သို့မဟုတ် hand gel အသုံးပြု သန့်စင်ပါ။
 

၇။ လက်ဆစ်ချိုးခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါဖြစ်စေတယ်၊ လက်ဆစ်ကြီးစေတယ်။

လက်ဆစ်တဖြောင်းဖြောင်းချိုးနေသံကို ကြားရင် အိမ်ကအမေက လှမ်းအော်တတ်ပါတယ်။ နင်လက်ဆစ်တွေကြီးတော့မယ်၊လက်ထပ်လက်စွပ်ဝတ်ရင် မလှတော့ဘူး၊ကြီးလာရင် အဆစ်အမြစ်ရောင်ရောဂါဖြစ်မယ် စသဖြင့်ပေါ့။ ဒါပေမယ့် လက်ဆစ်ချိုးခြင်းဟာ ဘေးနားကလူကို၊ အမေ့ကို နားဒုက္ခပေးတာကလွဲလို့ ဘာပြဿနာမှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ လက်ဆစ်ချိုးလို့ ထွက်လာတဲ့အသံဟာ လူအများစု ယူဆထားသလို အရိုးတွေ၊ အဆစ်တွေ အချင်းချင်းပွတ်တိုက်ပြီး ထွက်လာတာမျိုး မဟုတ်ဘဲ အရိုးတွေကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ဂက်စ်ပူဖောင်းလေးတွေ ပေါက်ရာက ထွက်ပေါ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ လက်ဆစ်ချိုးရတာ ဝါသနာပါသူဆိုရင် အမေ့ကွယ်ရာမှာ ဆက်သာချိုးပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်ဆစ်ချိုးတိုင်း နာကျင်တာ၊ ရောင်ရမ်းလာတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ လက်ဆစ်ချိုးတာကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ ပြသရပါမယ်။
 
အထက်ပါ အချက်လေးတွေကတော့ လူအတော်များများ ခံယူသဘောပေါက်ထားတဲ့ ကျန်းမာရေးဆိုင်ရာ အယူအဆလွဲလေးတွေပဲ ဖြစ်ပါတယ်။ တချို့ဟာလေးတွေဟာ အရေးမကြီးလှဘူးလို့ ထင်ရပေမယ့် အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသလို ဖြစ်လာနိုင်တဲ့အတွက် သတိပြုဆင်ခြင်စရာလေးတွေပဲ ဖြစ်ပါကြောင်း မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။
 
Credit:

22 Dec 2020     1,519 Views




RELATED

Most Popular of Health Fix

Most Popular of Life Style