BEC-TERO TV

စပျစ်သီးကို ဘာကြောင့်အစေ့ပါ ဝါးစားသင့်တာလဲ.. ?

27 Dec 2020     1,468 Views


ကျွန်မတို့ စပျစ်သီးစားတဲ့အခါ အထဲမှာပါတဲ့ အစေ့ကို ထွေးထုတ်တတ်ကြပါတယ်။ ဒါပေမယ့် စပျစ်သီးအစေ့ကို ထွေးမပစ်ဘဲ စားသုံးသင့်တဲ့အချက်တွေ ရှိနေပါတယ်။
 
အဲ့ဒါတွေကတော့......
 

စိတ်ကျရောဂါသက်သာစေတယ်

          ၂၀၁၀ ပြည့်နှစ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းက ဦးနှောက်ထဲက ဆီရိုတိုနင်နဲ့ ဒိုပါမင်းပမာဏကို မြင့်မားစေပါတယ်။ ဒီဓာတ်တွေက စိတ်ကျရောဂါခံစားနေရသူတွေကို ဆရာဝန်တွေ ညွှန်းလေ့ရှိပါတယ်။
 

ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်တယ်

          စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်မှာ အဆီတွေ စုပ်ယူမှုနဲ့ သိုလှောင်မှုကို တားဆီးပေးတာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေ စပျစ်သီးစားတဲ့အခါ အစေ့ပါဝါးစားသင့်ပါတယ်။
 

ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

          စပျစ်သီးအစေ့ထဲက ပရိုအန်သိုစိုင်ရာနဒင်နဲ့ တခြားဒြပ်ပေါင်းတွေက ကင်ဆာရောဂါမဖြစ်ပွားအောင် တားဆီးပေးပါတယ်။ စပျစ်သီးစားသုံးတဲ့အခါ အစေ့ပါဝါးစားတာကြောင့် ကင်ဆာဆဲလ်တွေကို သေစေတယ်လို့ တချို့လေ့လာမှုတွေမှာ တွေ့ရှိရပေမယ့် နောက်ထပ် လေ့လာမှုတွေများစွာပြုလုပ်ဖို့ လိုသေးတယ်လို့ သိရပါတယ်။
 

သွေးပြန်ကြောထုံးတာ သက်သာစေတယ်

          ခြေထောက်မှာ သွေးပြန်ကြောတွေထုံးပြီး အထင်းသားပေါ်နေပါက စပျစ်သီးစားသုံးတဲ့အခါ အစေ့ပါ ဝါးစားပေးပါ။ စပျစ်သီးအစေ့ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက သွေးကြောတွေကို သန်မာစေပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတချို့က စပျစ်သီးအစေ့ပါ ဝါးစားတာက အမျိုးသမီးတွေ ခြေထောက်ရောင်တာကိုလည်း သက်သာစေတယ်လို့ သိရပါတယ်။
 

နှလုံးကျန်းမာစေတယ်

          ခြေထောက်သွေးကြောထုံးတာ သက်သာသွားတာကြောင့် နှလုံးဆီ သွေးတွေပြန်ရောက်ဖို့ အားကောင်းသွားပါတယ်။ လေ့လာမှုတွေအရ သွေးတွင်းအဆီဓာတ်များတာကို လျှော့ချပေးတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နှလုံးခုန်နှုန်းပုံမှန်ဖြစ်စေပြီး ရုတ်တရက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
 

အရွယ်အိုမင်းမှု နှေးကွေးစေတယ်

          စပျစ်သီးထဲမှာ အရွယ်အိုမင်းမှုကို နှေးကွေးစေပြီး နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။ အရေပြားကို အိုမင်းအောင်တိုက်ခိုက်တဲ့ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်တိုက်ထုတ်ပေးပါတယ်။ လေ့လာမှုတွေအရ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဗီတာမင်စီနဲ့ အီးတို့ အဆများစွာ ပိုမိုအစွမ်းထက်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
 

ရောင်ရမ်းမှုတွေ လျော့နည်းစေတယ်

          စပျစ်သီးအစေ့ထဲမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က အဝလွန်တာ၊ အရိုးအဆစ်ရောင်ရမ်းနာကျင်တာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါစတာတွေကြောင့် ဆက်စပ်ပြီးဖြစ်လာတဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။
 
 
 
Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

27 Dec 2020     1,468 Views




RELATED

Most Popular of Health Fix

Most Popular of Life Style