BEC-TERO TV

ထိုင်းဆေးရုံရဲ့ ကိုဗစ်ကာကွယ်ဆေး ကြော်ငြာ အစိုးရတားမြစ်

28 Dec 2020     1,357 Views


COVID-19 ကာကွယ်ဆေး ကြိုတင်ရောင်းချဖို့ ကြော်ငြာနေတဲ့ ထိုင်း ပုဂ္ဂလိက ဆေးရုံတရုံကို ထိုင်းနိုင်ငံတွင်း ကာကွယ်ဆေး အတည်မပြုရသေးတဲ့ အကြောင်းပြချက်နဲ့ ကြော်ငြာရပ်ဆိုင်းပေးဖို့ ထိုင်းအာဏာပိုင်တွေက တနင်္ဂနွေနေ့က တားမြစ်လိုက်ပါတယ်။

ကြော်ငြာအပိတ်ခံရတဲ့ Vibhavadi ဆေးရုံကတော့ Moderna ရဲ့ COVID-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံဖို့အတွက် အွန်လိုင်းကနေ သီးသန့် ကြိုတင် ကာကွယ်ဆေး ၁,၀၀၀ ကနဦး ရောင်းချပေးမယ်ဆိုပြီး ကြော်ငြာတာက နားလည်မှုလွဲပြီး ကြော်ငြာခဲ့တာလို့ ရိုက်တာသတင်းကို ပြောပါတယ်။ ဆေးရုံရဲ့ ကြော်ငြာအရ ကြိုတင်စာရင်းသွင်းခ ဘတ် ၄,၀၀၀ ကျပြီး ထိုးဆေးနဲ့ပါဆိုရင် ဆေးထိုးပြီးတဲ့အထိ ဘတ်ငွေ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၃၀) ကုန်ကျမှာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတချို့မှာ ကာကွယ်ဆေးတွေ စပြီး ထိုးပေးနေပြီဖြစ်တာကြောင့် ဆေးတွေကို ဘယ်လို ဦးစားပေး ကန့်သတ်ထိုးပေးမလဲ ဆိုတာနဲ့ ကိုယ့်အလှည့်မရောက်ခင် ကြိုတင်ပြီး ဆေးထိုးနိုင်ဖို့ လူတွေ ငွေသုံးစွဲနိုင်မလားဆိုတဲ့ မေးခွန်းတွေ လောလောဆယ် ထွက်ပေါ်နေတာပါ။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ နိုင်ငံတွင်း COVID-19 ကာကွယ်ဆေး တခုကိုမှ အတည်မပြုရသေးတာကြောင့် ဒီကြော်ငြာက ဆေးရုံ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တာဖြစ်လို့ ဖယ်ရှားပစ်ဖို့ အမိန့်ထုတ်တာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ရှင်းလင်းခဲ့ပါတယ်။

ဒီကိစ္စက နားလည်မှုလွဲတာ သက်သက်ပဲဖြစ်လို့ အခု အဲဒီအစီအစဉ်ကို ရပ်ဆိုင်းထားကြောင်းနဲ့ ဆေးရုံအနေနဲ့ ကာကွယ်ဆေးတွေကို ကြိုတင်မှာယူဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ ရပ်ဆိုင်းလိုက်ကြောင်း Vibhavadi ဆေးရုံ ညွှန်ကြားရေးမှူး Chaisit Kupwiwat က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အစောပိုင်းတုန်းက ဒီအစီအစဉ်အရ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ ကာကွယ်ဆေးရဖို့ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား ကြိုတင်မှာကြားရမယ်လို့ ကြော်ငြာခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ Moderna ကို အီးမေးလ် ပေးပို့ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

Moderna က ကာကွယ်ထိုးဆေး တလုံးကို လက်လီဈေး ၃၂ ဒေါ်လာကနေ ၃၇ ဒေါ်လာလောက် ကျသင့်မယ်လို့ သြဂုတ်လတုန်းက ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ AstraZeneca ဆေးကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးတွေကို ဝယ်ယူဖို့ သဘောတူထားပေမယ့် ကာကွယ်ဆေး ဖြန့်ဖြူး ထိုးပေးမယ့် အစီအစဉ် တစုံတရာ မချမှတ်ထားသေးပါဘူး။ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ တခြားဒေသက လူနာတွေအတွက်တော့ ထိုင်းနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းမှာ အဓိက ဆွဲဆောင်ရာနေရာတခု ဖြစ်ပါတယ်။

Source : VOA


28 Dec 2020     1,357 Views




RELATED

Most Popular of International News

Most Popular of NEWS