BEC-TERO TV

ပဲခူး လိပ်ပြာကန်မှနှစ်ချို့လိပ်ကြီး ကော်ရှူသောလူငယ်များခုတ်ထားသည့် ဓားဒဏ်ရာများ‌ကြောင့် သေဆုံး

29 Dec 2020     1,499 Views


ပဲခူးလိပ်ပြာကန်စတင်တူးဖော်စဉ်ကတည်းက နေထိုင်လျက်ရှိသည်ဟုယူဆရသော နှစ်ချို့လိပ်အိုကြီးမှာ ယနေ့နက်က အခုတ်ခံထားခဲ့ရသည့် ဓားဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်ဟု လိပ်ကြီးအားဆေးကုသပေးနေသူ ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မြင့်မြင့်ဝေကပြောခဲ့ပါတယ်။

အခွံတွေလည်းညိုမည်းနေပြီး လက်တစ်ဖက်ကလည်း ပြတ်ထားတယ် အတွင်းကလိစာတွေလဲပုပ်နေတယ် အန်တီတို့တတ်နိုင်သလောက်ကုပေးပါတယ် ဒါပေမယ့် ဒီနေ့မနက်ကသေသွားတယ်ဟု ၎င်းကဆိုသည်။ " လိပ်ကြီးသေသွားပါပြီ အစွမ်းကုန် ကုသပေးခဲ့ပါတယ်.. ဒါပေမယ့် အထုခံထားရတဲ့ဒဏ်ရာက ပြင်းလွန်းတာရယ်... ပြတ်သွားတဲ့လက်နေရာနေလည်း ပိုးဝင်သွားဟန်တူပါတယ်.. မနေ့ညကစပြီးအစာ ကောင်းကောင်း မမျို တော့တာပါ... အလွန်နှမြောရပါတယ်... တရားခံလည်းမိလို့ မနေ့ကတရားခံနဲ့အတူ ရဲစခန်းကဓာတ်ပုံလာ ရိုက်ယူပါတယ် ရဲက ပြစ်မှု ၃၇၉ နဲ့ ဖွင့်ထားတယ် လို့သိရပါတယ် နောင်ကြဥ်လောက်တဲ့ ပြစ်ဒဏ်ပေးစေလိုပါတယ် " ဟုဒေါ်မြင့်မြင့်ဝေကပြောကြားသည်။

သေဆုံးသွားသည့်လိပ်ကြီးအား သက်သေခံအဖြစ်ထားရှိနိုင်ရန် ပဲခူးမြို့မရဲစခန်းသို့အပ်နှံသွားမည်ဟု‌သိရသည်။ " ရဲစခန်းကိုလာသယ်ဖို့အကြောင်းကြားထာတယ်" ဟု ဒေါ်မြင့်မြင့်ဝေကဆိုသည်။ သေဆုံးသွားသည့် သက်ရှည်လိပ်ကြီးမှာ ကော်ရှူတဲ့ကလေးများ ဓားဖြင့် ခုတ်ဖမ်းထားသည့်ဒဏ်ရာကြောင့် လက်တစ်ဖက်ပြတ်ပြီး ကျောခွံပါအက်ကွဲကာ မနေနိုင်သဖြင့် ဒီဇင်ဘာ ၂၆ ရက်‌နေ့ညနေပိုင်းက ရေပေါ်သို့တက်လာသည်ကိုပြည်သူများတွေ့ရှိကာ ဆယ်ယူ၍ ဆေးကုသမှုပေးနေခြင်းဖြစ်သည်။ ပဲခူးမြို့၏ အမှတ်အသားတစ်ခုဖြစ်သော လိပ်ပြာကန်အတွင်းမှ နှစ်ချို့လိပ်ကြီးများအား ကော်ရှူသည့်လူငယ်တစ်စုမှသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။

လိပ်ပြာကန်ရှိ လိပ်များအား ညဘက်တွင်ဖမ်းဆီးသတ်ဖြတ်၍ ပဲခူးမြို့ဈေးအချို့တွင်ရောင်းချမှုများပြုလုပ်လျက်ရှိသော်လည်း သက်ဆိုင်ရာမှအရေးယူခြင်းမရှိပါ။ လွန်ခဲ့သည့်နှစ်ကလည်း လိပ်များနားနေရန်ပြုလုပ်ထားသည့် ဖောင်အား ကော်ရှူသည့် လူငယ်များဖျက်ဆီးခဲ့သော်လည်းတာဝန်ရှိသူများအရေးယူခြင်းမရှိပါ။ လိပ်ပြာကန်တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လိပ်အကောင်ရေ ငါးထောင်ခန့်ရှိသည်ဟု သိရှိရသည်။ လိပ်ပြာကန်ကို ၁၄၇၅ ခု ဓမ္မစေတီမင်းလက်ထက်တွင် တူးဖော်ခဲ့ပြီး ရှင်စောပုလက်ထက်တွင် ဓမ္မဓရဘွဲ့ခံ ရဟန်းတော်ကို ဥယျာဉ်ကြီး တစ်ခုနှင့် ကျောင်းကို ဆောက်လှူရာ၊ ဥယျာဉ်မှာ လေပျံဥယျာဉ် ဖြစ်သည်။

ရဟန်းလူထွက်သည် ဓမ္မစေတီမင်းပြုချိန်တွင် ဥယျာဉ်တော်နှင့် ပနံတင့်မည့် ရေကန်ကို တူးစေရာ လေပျံကန်ဟုပင် တွင်သည်။ နောင်သော် လေပျံဥယျာဉ်အနီးမှ လေပျံကန်မှာ လိပ်ပြာကန် ဖြစ်လာသည်။ ၎င်းသည် ၉.၆၇ ဧက ကျယ်၍ အနီးဝန်းကျင် နေထိုင်သူတို့က ကန်ရေကိုသာ အဓိကထား သုံးစွဲသည်။ နှစ်ကြာသော်လည်း ကန်ခမ်းခြင်း မရှိချေ။ လိပ်ပြာကန်ထက်တွင် ရှင်ဥပဂုတ္တပြဿဒ်ဆောင် ကိန်းဝပ်သည်။

လိပ်ပြာကန်နှင့် ပတ်သက်၍ အဆိုတော် ကိုသန်းလှိုင်၏ "ဥဿာလှိုင် ထိပ်ထား" သီချင်းတွင် "ကန်သာလိပ်ပြာ တွေ့လေတိုင်း၊ အတိတ်က ခြောက်လှန့်လာတာမြင်၊ နှစ်ဦးစလုံး အသည်းတွင် ကမ္ဗည်းတင်ထားကြတဲ့ အချစ်စစ်ရဲ့ ဇာတ်ကြောင်းကိုပဲ ပြန်လည်ပြောပြရပြီခင်" စသည်ဖြင့် ပါရှိသည်။

နှစ်ချို့လိပ်ကြီးအား ဆရာဝန်ဒေါက်တာဇော်မိုးခန့်နှင့်ဇနီးဒေါ်မြင့်မြင့်ဝေတို့မှဆေးကုသမှုပေးနေစဉ် (ရုပ်သံ)

Credit: Bago Weekly Journal


29 Dec 2020     1,499 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS