BEC-TERO TV

ဘုန်းတော်ကြီး ဒလိုင်းလားမားနေရာ ရွေးချယ်ရေး ဝင်ရောက်စွက်ဖက်သူတွေကို အမေရိကန် ဒဏ်ခတ်မည်

29 Dec 2020     1,411 Views


တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဆက်ခံမယ့်သူကို ရွေးချယ်ရေးကိစ္စမှာဝင်ရောက်စွက်ဖက်တဲ့တရုတ်တာဝန် ရှိသူတွေကို ဒဏ်ခတ်အရေးယူမယ့် ဥပဒေကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

တိဘက်ဆိုင်ရာမူဝါဒနဲ့ အထောက်အကူပေးရေးဥပဒေလို့ခေါ်တဲ့ အဲဒီ ဥပဒေကို အမေရိကန်ကွန်ဂရက်က မဲအပြတ်အသတ်နဲ့အတည် ပြုထားတာပါ။ သက်တော် ၈၅နှစ် ရှိပြီဖြစ်တဲ့ တိဘက်ဘုန်းတော်ကြီးကို ဆက်ခံမယ့်သူကို ရွေးချယ်ရာမှာ တရုတ်အစိုးရက သီးသန့် ရွေးချယ် ခန့်အပ်မှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာ အမေရိကန် အစိုးရက အခုလို ဥပဒေ ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။

၁၅ ဆက်မြောက် တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်းလားမားကို ရွေးချယ်ခန့်အပ်ရာမှာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ တာဝန် ရှိသူတွေကို ဒဏ်ခတ် အရေးယူမှာဖြစ်ကြောင်း အဲဒီ ဥပဒေမှာ ဖော်ပြထားပါတယ်။ ဒီ ဥပဒေပြဌာန်းမှုအပေါ် တရုတ်နိုင်ငံက လက်မခံကြောင်း တနင်္လာနေ့က ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ တိဘက်နဲ့ဆိုင်တဲ့ ဥပဒေကြမ်းတစ်ခုကို လက်မှတ်ရေးထိုးလိုက်တာကို သိရှိကြောင်းနဲ့ အဲဒီ ဥပဒေကို တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ကြောင်း၊ တိဘက်ကိစ္စက တရုတ်တို့ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေ ပိုင်ဆိုင်မှုအရေးကိစ္စ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ZHAO LIJIAN က ပြောပါတယ်။

ဒါ့အပြင်၊ တိဘက်ကိစ္စက တရုတ် ပြည်တွင်းရေးကိစ္စ သက်သက်သာ ဖြစ်လို့ ပြည်ပ အင်အားစုတွေရဲ့ စွက်ဖက်မှုကို ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ အမျိုးသား အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို မယိမ်းမယိုင် ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း သူက ပြောပါတယ်။ အမေရိကန်နိုင်ငံက တိဘက်ဆိုင်ရာ ဥပဒေနဲ့အတူ ထိုင်ဝမ်ဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ကိုလည်း အတည်ပြုခဲ့ပါတယ်။ ထိုင်ဝမ် ဥပဒေမှာတော့ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ ထိုင်ဝမ် ပါဝင် ဝင်ရောက်ခွင့်ကို အမေရိကန်နိုင်ငံက ထောက်ခံတဲ့ အချက် ပါဝင် သလို ထိုင်ဝမ်ကို ပုံမှန် လက်နက် ရောင်းချရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။

Source : VOA


29 Dec 2020     1,411 Views




RELATED

Most Popular of International News

Most Popular of NEWS