BEC-TERO TV

မကွေးတွင် အုပ်စုဖွဲ့ စက်ဘီးစီးသည့်အလေ့အထ ခေတ်စားလာ

30 Dec 2020     1,444 Views


ကျန်းမာရေးအသိအမြင် ပြောင်းလဲလာမှုနှင့်အတူ စိတ်ခန္ဓာကျန်းမာရွှင်လန်းလိုသူများသည် ခင်မင်ရင်းနှီးရာ အစုအဖွဲ့များဖွဲ့ပြီး စက်ဘီးစီးသည့် အလေ့အထတစ်ခု မကွေးမြို့တွင် ခေတ်စားလာကြောင်း ဒေသတွင်း စက်ဘီးစီးသူများထံမှ သိရသည်။ “အသက် ၄၀ ကျော်လာတာနဲ့ နှလုံးနဲ့ ဆီးချိုက ဝင်လာပြီလေ။ အလုပ်အသွားအပြန်ကလည်း ဆိုင်ကယ်၊ ကား တစ်ခုခုကို သုံးနေကြတာ။ အခု ကိုဗစ်ကာလမှာ အိမ်ထဲမှာပဲ နေတယ်။

လုပ်ငန်းထဲမှာပဲ အချိန်ကုန်တယ်။ ကိုဗစ်ရဲ့ သက်ရောက်မှုတွေက စိတ်ဓာတ်ကျဆင်းစေတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ သူငယ်ချင်းတွေစုပြီး စက်ဘီးနင်းဖြစ်တာပါ”ဟု Free Star စက်ဘီးစီးအဖွဲ့မှ ကိုစိုင်းဝဏ္ဏလတ် က ပြောပြသည်။ လုပ်ငန်းအသီးသီးမှ သူငယ်ချင်းများဖြင့် စုဖွဲ့ထားသည့် Free Star အဖွဲ့သည် အများပြည်သူရုံးပိတ်ရက် ညနေခင်းများ၌ ကန်သာကန်(စုရပ်)မှ မြင်ကင်း-မယ်လှတောင်-ကားစက်ရုံ-တိုးဂိတ် လမ်းအတိုင်း စုရပ်နေရာအထိ ၁၇ မိုင်ခန့်ခရီးကို စက်ဘီးစီးနင်းကြပြီး ရုံးဖွင့်ရက်မနက်ပိုင်းတွင် နေ့စဉ် ၈ မိုင်ခရီးအဖြစ် မြို့ပတ်လမ်း၊ နတ်မောက်လမ်း၊ ကမ်းနားလမ်း (We Love Magway )မှ ကန်သာကန်အထိ စက်ဘီးစီးကြသည်ဟု သိရသည်။

“ကိုဗစ်ကာလလည်းဖြစ်တယ်။ ကျန်းမာရေးပိုင်းမှာ အဆုတ်အားကောင်းချင်လို့ နောက်ပြီး အလုပ်ထဲက စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချချင်လို့ စက်ဘီးစီးဖြစ်တာ။ အရင်ဆိုရင် ညဉ့်နက်မှ အိပ်ဖြစ်တယ်။ အခုဆို စောစောအိပ်တယ်။ မနက် ၄ နာရီခွဲလောက် စောစောထပြီး စက်ဘီးနင်းတယ်။ အိပ်ချိန် မှန်သွားတယ်။ စားချိန် မှန်သွားတယ်။ အလုပ်ထဲမှာ စိတ်ဝင်စားမှုလည်း ပိုရှိလာတယ် ” ဟု စက်ဘီးစီးအဖွဲ့ဝင် မနှင်းယုမော် က ပြောပြသည်။

မကွေးမြို့တွင် စက်ဘီးစီးအဖွဲ့ ခုနစ်ဖွဲ့ခန့်ရှိပြီး ကြိုက်နှစ်သက်ရာခရီးစဉ်များရေးဆွဲ၍ တောလမ်းများ၊ အထင်ကရနေရာများနှင့် ဧရာဝတီတံတား(မကွေး)ကို ဖြတ်ကာ ရှုခင်းလှပသည့်နေရာများသို့ တူညီဝတ်စုံများဝတ်၍ စက်ဘီးစီးလေ့ရှိကြကြောင်း၊ ငွေကြေး တတ်နိုင်မှုနှင့် နှစ်သက်မှုအလိုက် အီတလီ၊ ဂျပန်၊ တရုတ် စသည့် စက်ဘီး အမျိုးအစားများကို ဝယ်ယူစီးနင်းကြကြောင်း သိရသည်။

ဇေယျတု(မကွေး)/MDN


30 Dec 2020     1,444 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS