ရွေးကောက်ခံ အမေရိကန် ဒုသမ္မတ Kamala Harris ကိုဗစ်ကာကွယ်ဆေးထိုး
30 Dec 2020 2,147 Views

အမေရိကန် ဒုသမ္မတ အဖြစ်ရွေးကောက်ခံထားရတဲ့ Kamala Harris ဟာ အင်္ဂါနေ့မှာ Moderna ကိုဗစ်ကာကွယ်ဆေးကို အထိုးခံခဲ့ပါတယ်။ ဒီလိုဆေးထိုးတာကို ရုပ်သံ တွေကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပါတယ်။ ဝါရှင်တန်မှာရှိတဲ့ United Medical Center ဆီ လာပြီး သူ့အမျိုးသား Douglas Emhoff နဲ့အတူ ကာကွယ်ဆေးအထိုးခဲ့တာပါ။
"ဒါ လွယ်ပါတယ်။ ဘာမှ နာကျင်မှု မရှိပါဘူး။ ကျေးဇူးတင်ပါတယ်'' လို့ Harris က ပြောပြီး အမေရိကန်ပြည်သူတွေအနေနဲ့ ကိုယ့်အလှည့်ရောက်ရင် အထိုးခံရေး အဆင်သင့်ပြင်ထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ် ဒုသမ္မတဟာ သူဆေးထိုးခံတာကို ရုပ်-သံကနေ တိုက်ရိုက်ပြသပြီး ဒီကာကွယ်ဆေးအပေါ် အမေရိကန်ပြည်သူတွေ ပိုယုံကြည်လာစေဖို့ လုပ်ဆောင်ခဲ့ပါတယ်။
သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဘိုင်ဒန်၊ အခု ဒုသမ္မတ Harris ၊ လွှတ်တော် ဥက္ကဌ Nancy Pelosi၊ လူများစုခေါင်းဆောင် Mitch McConnell အပါဝင် ရွေးကောက်ခံနိုင်ငံ ရေးခေါင်းဆောင် အတော်များများ ကာကွယ်ဆေး ထိုးခဲ့ကြပြီးဖြစ်ပါတယ်။
Source: AP






