BEC-TERO TV

အရှေ့အလယ်ပိုင်းဒေသ၌ အီရန်၏ ခြိမ်းခြောက်မှုကြောင့် လေယာဉ်တင်သင်္ဘောဆက်လက်ဖြန့်ကြက်ရန် ပင်တဂွန် ဆုံးဖြတ်

05 Jan 2021     1,620 Views


အီရန်၏ ခြိမ်းခြောက်မှုများကြောင့် အရှေ့အလယ်ပိုင်း ဒေသရေပြင်တွင် အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz ကို ဆက်လက်ဖြန့်ကြက်ထားမည်ဖြစ် ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၃ ရက်တွင် ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြန့်ကြက်ထားသည့် စစ်သင်္ဘောကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ထားသော် လည်း မကြာသေးမီက သမ္မတ ဒေါ်နယ်ထရမ့်နှင့် အခြားအမေရိကန်အစိုးရအရာရှိများအပေါ် အီရန်ခေါင်းဆောင် များ၏ ခြိမ်းခြောက်မှုများကြောင့် ယင်းစစ်သင်္ဘောကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိရာဒေသရှိ တပ်စခန်းတွင် ဆက်လက်ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း၊ အရှေ့ အလယ်ပိုင်းဒေသ၌ လေယာဉ်တင်သင်္ဘော ဆက်လက် ဖြန့်ကြက်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် မည်သူမျှ သံသယမရှိသင့်ကြောင်း ခေတ္တအမေရိကန် ကာကွယ်ရေးဝန်ကြီး ခရစ်မီးလာက ထုတ်ပြန်ချက်တစ်ရပ် တွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဆယ်လနီးပါးကြာ ဖြန့်ကြက်ထားသည့် အမေရိကန်လေယာဉ်တင်စစ်သင်္ဘော ကို အမိမြေသို့ ချက်ချင်းပြန်စေရန် ခေတ္တကာကွယ်ရေး ဝန်ကြီး မီးလာအနေဖြင့် ဇန်နဝါရီ ၁ ရက်က ဆုံးဖြတ်ခဲ့ သော်လည်း အမေရိကန်အစိုးရအပေါ် အီရန်၏ ခြိမ်းခြောက် မှုများကြောင့် အဆိုပါစစ်သင်္ဘောကို အရှေ့အလယ်ပိုင်း ဒေသတွင် ဆက်လက်ဖြန့်ကြက်ထားရန် ပြန်လည်စီစဉ်ခဲ့ ခြင်းဖြစ်သည်။ အမေရိကန်စစ်တပ်က လုပ်ကြံသတ်ဖြတ်ခဲ့သည့် အီရန်ထိပ်တန်းတပ်မှူး ကာဆမ်းဆိုလန်းမန်းနီသေဆုံး သည့် ပထမအကြိမ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အတောအတွင်း အီရန်အစိုးရက ထရမ့်နှင့် အခြား အမေရိကန်အစိုးရ အရာရှိများအပေါ် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံဘဂ္ဂဒက် မြို့တွင် အမေရိကန်က မောင်းသူမဲ့ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် အီရန်နှင့် အမေရိကန် အကြား ဒေသတွင်းစစ်ပွဲတစ်ခု ဖြစ်လုနီးပါးရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးအား ဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီရန်နှင့် အမေရိကန်အကြား အပြန်အလှန်ပြစ်တင်ရှုတ်ချမှုများ အရှိန်မြင့်မားလာခဲ့သည်နှင့်အမျှ မကြာသေးမီက အီရန်နှင့် အမေရိကန်အကြား နှစ်ပေါင်းများစွာကြာ ဖြစ်ပွားခဲ့သည့် တင်းမာမှုများ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန် အပေါ် ပြစ်တင်ဝေဖန်ခဲ့သည်။ သို့သော် အီရန်အစိုးရသည် ယင်းဝေဖန်ရှုတ်ချမှုများကို ပယ်ချလိုက်သည်။

တစ်ချိန် တည်းမှာပင် ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်တပ်ဖွဲ့၏ စွမ်းပကားကို ပြသသည့်အနေဖြင့် ၎င်း၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ် B-52H နှစ်စင်းကို အရှေ့အလယ်ပိုင်း ဒေသသို့ စေလွှတ်လိုက်သည်။ တစ်ဆက်တည်းမှာပင် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်က အမေရိကန်ပြည်ထောင်စုသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်နေသော်ငြား လည်း ဒေါ်လာဘီလီယံနှင့်ချီ အကုန်အကျခံပြီး ၎င်း၏ ဗုံးကြဲ လေယာဉ်များနှင့် စစ်သင်္ဘောများကို အရှေ့အလယ်ပိုင်း ဒေသသို့ စေလွှတ်ခဲ့ကြောင်း တုံ့ပြန်ပြောဆို လိုက်သည်။ အီရန်နိုင်ငံသည် စစ်ပွဲကိုဖန်တီးမည်မဟုတ်ကြောင်း၊ သို့သော် အီရန်ပြည်သူများ၊ အီရန်၏ လုံခြုံရေးနှင့် အဓိက အကျိုးစီးပွားများကို ဦးစားပေးကာကွယ်သွားမည်ဖြစ် ကြောင်း ၎င်းက ထပ်မံပြောကြားလိုက်သည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - ဂျေတီ The Mirror


05 Jan 2021     1,620 Views




RELATED

Most Popular of International News

Most Popular of NEWS